ရှမ်းရွာသစ် ဇန်နဝါရီ ၁၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ကျောင်းသား/သူများ မူးယစ်ဆေးဝါးအန္တရာယ်မှ ကင်းဝေးစေရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် ရည်ရွယ်၍ အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့က အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်ဇင်မိုးအေးနှင့် စာကြည့်တိုက်လက်ထောက်-၃ ဒေါ်နော်မုနော်ဂေတို့က ကျောင်းသား/သူများ မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်၍ ရှောင်ကြဉ်ရန်နှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း ဗဟုသုတရရှိစေရန်အတွက် ၁၉ရာစု နှောင်းပိုင်းတွေ့ရှိရသော မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးဟူသည်၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းဖြင့် ဖြစ်ပေါ်နိုင်သော စိတ်ပိုင်းဆိုင်ရာဆိုးကျိုးနှင့် ရုပ်ပိုင်းဆိုင်ရာများ၊ မူးယစ်ဆေးဝါးအန္တရာယ်ကင်းစင်ရေး ကျောင်းသားလူငယ်များ လိုက်နာရမည့်အချက်များ၊ ဆေးလိပ်သောက်ခြင်း၊ ကွမ်းယာစားခြင်းနှင့် အရက်သောက်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများဆိုင်ရာ သိကောင်းစရာများကို ကျောင်းသား၊ကျောင်းသူ(၈၀)ဦးအား အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား/သူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေး နံရံကပ်စာစောင်များကို ပြသထားရာ ကျောင်းသား/သူများက စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာမှတ်သားခဲ့ကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)