နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

နတ်မောက် ဇန်နဝါရီ ၁၀

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ ပူးပြင်းခြောက်သွေ့သည့် ရာသီရောက်ရှိလာပြီ ဖြစ်သည့်အတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးအတွင်း/အပြင်ရှိ ဈေးဆိုင်ခန်းရှင်များအနေဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး  လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က အဆိုပါ ရုံးခန်းမတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌက မြို့မဈေးကြီး ဈေးအတွင်း/အပြင်ရှိ ဈေးဆိုင်ခန်းရှင်များအနေဖြင့် ပွင့်လင်းရာသီ ရောက်ရှိလာပြီ ဖြစ်သည့်အတွက် မီးဘေးလုံခြုံရေး အထူးဂရုပြုဆောင်ရွက်ရန်၊ မီးဘေးအန္တရာယ် ကာကွယ်ရေးအတွက် လိုအပ်သည့် မီးသတ်ဆေးဘူးများ၊ ရေပုံး၊ မီးချိတ်၊ မီးကတ်များ၊ လှေခါးများ၊ သဲအိတ်များ စနစ်တကျ ထားရှိထားရန်၊ လျှပ်စစ်မီးသုံးစွဲသည့် ဆိုင်ခန်းရှင်များအနေဖြင့်  ဝါယာကြိုးများ စနစ်တကျသွယ်တန်း ထားရှိရန်။ ဆိုင်ခန်းပိတ်ချိန်တွင် မိန်းခလုတ်များ သေချာစိစစ်၍ ပိတ်ထားရန်နှင့် မီးဘေးလုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဆိုင်ခန်းရှင်အနေဖြင့် အဖွဲ့ဝန်ထမ်းများဖြင့် ပူးပေါင်းဆောင်ရွက်ပေးနိုင်ရေး ဆွေးနွေးပြောကြားရာ တက်ရောက်လာသည့် ဆိုင်ခန်းရှင်များကလည်း ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ၊ စည်ပင်သာယာရေးကော်မတီ၊ တာဝန်ခံအင်ဂျင်နီယာ၊ ဈေးတာဝန်ခံ နှင့် ဆိုင်ခန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မူမူစန်း