သရက်မြို့နယ် ရေပေါ်ကျွန်းကျေးရွာ၌ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်လှစ်

သရက် ဇန်နဝါရီ ၁၀

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ သရက်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက ရေပေါ်ကျွန်းကျေးရွာတွင် ကျင်းပခဲ့ရာ ဖိတ်ကြားထားသော ဌာနဆိုင်ရာများ၊ ကျေးရွာသူ၊ ကျေးရွားသားများနှင့် သင်တန်းသူများ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ သရက်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်ထွန်းဦးက အဖွင့်အမှာစကားပြောကြားပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးလင်းထက်အောင်က သင်တန်းနှင့် ပတ်သက်သည်များအား ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက်သင်တန်းတွင် အသုံးပြုရန် ကုန်ကြမ်းပစ္စည်းများအား သရက်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က သင်တန်းသူများအား ပေးအပ်ခဲ့သည်။

အဆိုပါ သင်တန်းသည် သင်တန်းသူ (၂၀) ဦးတို့အား အဝတ်လျှော်ဆပ်ပြာဆီ၊ ပန်းကန်ဆေးဆပ်ပြာဆီ၊ ဘက်စုံသုံးဆပ်ပြာဆီ၊ သဘာဝခေါင်းလျှော်ရည်၊ ရေချိုးဆပ်ပြာ၊ ဆံသားအားဖြည့်ပေါင်းဆီ၊ ကော်ဖီ၊ ဆပ်ပြာခဲ၊ ဆံဆပ်ပြာခဲ၊ ရှားဇောင်းဆပ်ပြာခဲ၊ ခရမ်းချဉ်သီးဆပ်ပြာခဲ၊ Body Scrub၊ Foot Scrub ပြုလုပ်နည်းတို့အား (၉-၁-၂၀၂၅) ရက်နေ့မှ (၁၃-၁-၂၀၂၅) ရက်နေ့ထိ စာတွေ့၊ လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သရက်ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သိရသည်။ 

ဇော်ဝမ်းထွန်း(အောင်လံ)