မင်းဘူး ဇန်နဝါရီ ၁၀
မကွေးတိုင်းဒေသကြီး ၊ မင်းဘူးခရိုင် ၊ မင်းဘူး(စကု)မြို့နယ် ထောက်ရှာပင်ကျေးရွာ (MOGE) ဆိပ်ကမ်း၌ ဧရာဝတီမြစ်ကမ်းနားတစ်လျှောက် ပလတ်စတစ်နှင့် အခြားအမှိုက်များ စွန့်ပစ်ခြင်းများ ကင်းဝေးစေရန်နှင့် အဏ္ဏဝါအမှိုက်သရိုက် ညစ်ညမ်းမှုများ မဖြစ်ပေါ်စေရေး ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လူထုလှုပ်ရှားမှုအသိပညာပေးလုပ်ငန်း ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မင်းဘူးခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်ဇေယျ ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က စည်ပင်သာယာရေးအဖွဲ့၊ သစ်တောဦးစီးဌာန၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်ပူးပေါင်း၍ မင်းဘူး (စကု) မြို့နယ် ထောက်ရှာပင်ကျေးရွာ (MOGE) ဆိပ်ကမ်းတွင် စုရပ်ပြုလုပ်ကာ (MOGE) ဌာနပိုင် ရေယာဉ်များပေါ်တွင် အသိပညာပေး ဗီနိုင်းပိုစတာများ ကပ်ခြင်း၊ ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ ဧရာဝတီမြစ်ကမ်းတစ်လျှောက် သန့်ရှင်းသာယာလှပစေရန် လူစည်ကားရာနေရာများတွင် ပြည်သူများ အမှိုက်စနစ်တကျ စွန့်ပစ်နိုင်ရန် အမှိုက်ပုံးများ ထားရှိပေးခြင်း၊ စားသောက်ဆိုင်များနှင့် ကုန်စုံဆိုင်များသို့ သွားရောက်ပြီး အသိပညာပေး ဗီနိုင်းပိုစတာများ ကပ်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်၍ စုပေါင်းအမှိုက်ကောက်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းကို သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးနှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ လမ်းညွှန်ချက်ဖြင့် ဧရာတီမြစ်ကမ်းနားတစ်လျှောက်နှင့် ဆိပ်ကမ်းနယ်များတွင် ဆိုက်ကပ်ထားသော ရေယာဉ်များ၊ ဆိပ်ကမ်းနယ် အနီးဝန်းကျင်ရှိ စက်ရုံ၊ အလုပ်ရုံနှင့် လုပ်ငန်းများ ဆိပ်ကမ်းအနီးတစ်ဝိုက်တွင် နေထိုင်သူများကြောင့် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှု မရှိစေရေးနှင့် စွန့်ပစ်အမှိုက်များအား မြစ်ချောင်းများအတွင်း စည်းကမ်းမဲ့စွန့်ပစ်ခြင်းကြောင့် ရေထုညစ်ညမ်းမှုနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများ မရှိစေရေး အရှိန်အဟုန်မပျက် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း မင်းဘူးခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်ဇေယျက ပြောသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )