မုံရွာ ဇန်နဝါရီ ၉
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် အခြေခံ “ခြင်း”ရက်နည်းသင်တန်းနှင့် ကွန်ပျူတာ သင်တန်းအမှတ်စဉ် (၇/၂၀၂၄)သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟို ဌာန Community Centre ၌ကျင်းပပြုလုပ်ရာ သင်တန်းဆင်းပွဲ အခမ်းအနားသို့ တိုင်းဒေ သကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ယနေ့ဖွင့်လှစ်ခဲ့ပြီးဖြစ်သည့်အခြေခံ“ခြင်း”ရက်နည်းသင်တန်းနှင့် ကွန်ပျူတာသင်တန်းများသည် လူငယ်များ၏ အလုပ်အကိုင် အခွင့်အလမ်းများရရှိရေးနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူ ဖြစ်စေမည့် သင်တန်းများဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအနေဖြင့် ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ အတွင်း ကွန်ပျူတာသင်တန်း ၃ ကြိမ်တွင် သင်တန်သား/သူ ၄၀ ဦးနှင့် အသက်မွေးဝမ်းကြောင်း သင်တန်း ၇ ကြိမ်တွင် သင်တန်းသား/သူ ၁၄၅ ဦးတို့အား ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ပါကြောင်း၊ သင်တန်းသား/သူများအနေဖြင့် ကွန်ပျူတာသင်တန်းမှရရှိသည့် နည်းပညာပိုင်းဆိုင်ရာများအား မိမိအကျိုး၊ ဌာနအကျိုး၊ နိုင်ငံ့အကျိုးတို့အား ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ အလားတူ အသက်မွေးဝမ်းကြောင်းဆိုင်ရာ သင်တန်းများမှနေရရှိလာသည့် အိမ်တွင်းမှု လုပ်ငန်းများနှင့် အလုပ်အကိုင်အခွင့်အလမ်းများအား ရရှိပိုင်ဆိုင်နိုင်ကြမည်ဖြစ်ပါကြောင်း၊ ယခုထက်ပိုပြီး ကြိုးပမ်းဆောင်ရွက်မည်ဆိုပါက အသေးစား၊ အငယ်စား၊ အလတ်စား လုပ်ငန်းရှင်များဖြစ်လာနိုင်သည့် အခြေခံကောင်းများပိုင်ဆိုင်နိုင်မည် ဖြစ်ပါကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း အသေးစား၊ အငယ်စား၊ အလတ်စား(MSME) လုပ်ငန်းများအား အားပေးမြှင့်တင်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တာဝန်ရှိသူများနှင့် သင်တန်းသား/သူများမှလည်း ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေးနှင့် နည်းပညာများရရှိစေရေးအတွက် အထောက်အကူဖြစ်စေမည့်သင်တန်းများအား စဉ်ဆက်မပြတ် ဖွင့်လှစ်နိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက်တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ရွှေလဝါဝါက သင်တန်းများဖွင့်လှစ်ပြီးစီးမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးနှင့် တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်တို့က သင်တန်းသား/သူများကိုယ်စား သင်တန်းသူတစ်ဦးစီထံ သင်တန်းဆင်းလက်မှတ်များအားလည်းကောင်း၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက အခြေခံ “ခြင်း”ရက်နည်းသင်တန်းမှရရှိသည့် ပစ္စည်းများအား သင်တန်းသူတစ်ဦးထံသို့လည်းကောင်း၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ဦးခင်မောင်အေးနှင့် တိုင်းဒေသကြီး တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်တို့က သင်တန်းနည်းပြများထံ အမှတ်တရလက်ဆောင်များအား လည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက်သင်တန်းသား/သူများကိုယ်စား အခြေခံ “ခြင်း”ရက်နည်းသင်တန်းမှ သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခြေခံ “ခြင်း”ရက်နည်းသင်တန်းမှ သင်တန်းသူများ ကိုယ်တိုင်ရက်လုပ် ထားသည့် “ခြင်း”များအား လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး တာဝန်ရှိ သူများနှင့်စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးကြသည်။
အဆိုပါ အခြေခံ “ခြင်း”ရက်နည်းသင်တန်းအား ဒီဇင်ဘာလ ၂၉ ရက်နေ့မှ ၂၄ ရက် နေ့အထိ သင်တန်းသား/သူ ၂၅ ဦးဖြင့် ၅ ရက်ကြာသင်ကြားပေးခဲ့ပြီး အခြေခံကွန်ပျူတာ သင်တန်းအား ဒီဇင်ဘာလ ၄ ရက်မှနေ့မှ ၂၀၂၅-ခုနှစ်၊ ဇန်နဝါရီလ ၃ နေ့ရက်အထိ သင်တန်းသား/သူ ၂၀ ဖြင့် ၁ လကြာ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)