ကျောက်တံခါးမြို့နယ် အခြေခံပညာအလယ်တန်း(ရင်းတိုက်ကုန်း)ကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ

ကျောက်တံခါး ဇန်နဝါရီလ ၉

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဗလငါးတန်းပြည့်စုံစေရေးတို့အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့ နံနက် (၉)နာရီအချိန်က အခြေခံပညာအလယ်တန်း(ရင်းတိုက်ကုန်း)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခြေခံပညာအလယ်တန်း (ရင်းတိုက်ကုန်း)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းမော်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စန်းတင့်က ကျောင်းသားလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး၊ စဥ်းစားတွေးခေါ်မှုမြင့်မားလာစေရေးနှင့် ဗလငါးတန်ပြည့်စုံစေရေးတို့အတွက် လူငယ်စကားဝိုင်းကျင်းပရခြင်းဖြစ်ကြောင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ လူငယ်စကားဝိုင်းစတင်ဆောင်ရွက်ရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သန်းသန်းစိုးက ဆောင်ရွက်ပြီး ကျောင်းသား၊ ကျောင်းသူ(၆)ဦးတို့က လူငယ်နှင့်လူမှုဆက်ဆံရေး၊ လူငယ်နှင့်စာပေမြတ်နိုးစိတ်၊ လူငယ်နှင့်မိမိကိုယ်ကိုမိမိအားကိုးယုံကြည်စိတ်၊ လူငယ်အခွင့်အလမ်း၊ လူငယ်နှင့်ပရဟိတစိတ်၊ လူငယ်နှင့်တက်လမ်း အစရှိသည့် ခေါင်းစဥ်ပါအကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိရှိလိုသည်များ မေးမြန်းဆွေးနွေးရာ သက်ဆိုင်ရာခေါင်းစဉ်အလိုက် ပြန်လည်ဆွေးနွေးကြပြီး ပြသထားရှိသော အသိပညာပေးနံရံကပ်စာစောင်များအား ကြည့်ရှုလေ့လာကြသည်။

အဆိုပါ ဆွေးနွေးပွဲသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ခံများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၈၅)ဦး တက်ရောက်ကြကြောင်း သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)