ထားဝယ်ခရိုင်၊ တောမီးနှင့်အခြားမီးများကြောင့်မီးလောင်မှု Fire Hotspot အရေအတွက်များပြားနေခြင်းကို လျှော့ချရေးနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးလုပ်ငန်းအဖွဲ့ ပထမအကြိမ်ညှိနှိုင်းအစည်းအဝေးကျင်းပ

ထားဝယ် ဇန်နဝါရီ  ၉

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ တောမီးနှင့်အခြားမီးများကြောင့် မီးလောင်မှု Fire Hotspot အရေအတွက် များပြားနေခြင်းကိုလျှော့ချရေးနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးလုပ်ငန်းအဖွဲ့ ပထမအကြိမ်ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီက ထားဝယ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧည့်ရိပ်သာခန်းမ၌ကျင်းပခဲ့သည်။

အခမ်းအနားတွင်တိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ ဦးဇော်မင်းအုန်းက ထားဝယ်ခရိုင်၊ မီးခိုးမြူငွေ့ ညစ်ညမ်းမှုထိန်းချုပ်ရေးအဖွဲ့၏ လုပ်ငန်းတာဝန်များ၊ ပတ်သက်ပြီးဆောင်ရွက်ကြရမည့် လုပ်ငန်းတာဝန်များနှင့်တောမီးနှင့် အခြားအကြောင်းအမျိုးမျိုးသော မီးလောင်ကျွမ်းမှုတို့မှ ဖြစ်ပေါ်လာသည့် Fire Hotspot နှင့်နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ ညစ်ညမ်းမှုကို လျှော့ချနိုင်ရန်အတွက် Fire Hotspot ဖြစ်ပေါ်စေမည့်အကြောင်းအရင်းများကို ရှာဖွေဖော်ထုတ်နိုင်စေရန်၊ ညှိနှိုင်းဆွေးနွေးတိုင်ပင်ရန်အတွက် အစည်းအဝေး ကျင်းပရခြင်း ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် ၂၀၂၄ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သည့် Fire Hotspot အရေအတွက် ၈၃၂ ကိုအခြေခံပြီး ၂၀၂၅ ခုနှစ်တွင် ၂၀ ရာခိုင်နှုန်းလျှော့ချရေးFire Hotspot အရေအတွက် ၆၆၆ ခုထက်လျော့နည်းနိုင်ရေး ရည်မှန်းချက်ထားဆောင်ရွက်စေလိုကြောင်း၊ ဒါကြောင့်လုပ်ငန်းအဖွဲ့ဝင်များ၊ ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ဝင်မျာအနေဖြင့် Fire Hotspot ဖြစ်ပေါ်မှုအကြောင်းရင်းများကို ရှာဖွေဖော်ထုတ်ရေးနှင့်လျော့ချရေးလုပ်ငန်းများအတွက် မိမိတို့ ဌာနအလိုက် ပေါင်းစပ်ဆောင်ရွက်ကြရန် ပွင့်လင်းစွာ အကြံပြုဆွေးနွေးပေးကြရန်လိုအပ်ကြောင်းပြောကြားသည်။

ထို့နောက်ခရိုင်၊ တောမီးနှင့်အခြားမီးများကြောင့်မီးလောင်မှု Fire Hotspot အရေအတွက်များပြားနေခြင်းကို လျှော့ချရေးနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ ဦးဘုန်းမြတ်သူက တက်ရောက်လာကြသူများအနေဖြင့် တောမီးနှင့်အခြားမီးများကြောင့်မီးလောင်မှု Fire Hotspot အရေအတွက်များပြားနေခြင်းကို လျှော့ချရေးနှင့်မီးခိုးမြူငွေ့ ညစ်ညမ်းမှု ထိန်းချုပ်ရေးလုပ်ငန်းများကို ဒေသခံပြည်သူများသိရှိအောင် အသိပညာပေးလုပ်ငန်းများအား ကျယ်ပြန့်စွာ ဆောင်ရွက်ပေးစေလိုကြောင်းပြောကြားပြီး အတွင်းရေးမှူး၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ပပမင်းက ခရိုင်အတွင်းလအလိုက် Fire Hotspot တွေ့ရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။

ဆက်လက်၍တက်ရောက်လာကြသူများက ပူးပေါင်းဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ငွေဇင်ယော်(ထားဝယ်)