ဒေးဒရဲမြို့ လူသားချင်းစာနာမှု အကူအညီပေးရေးအဖွဲ့၏ အဆောက်အဦသစ်ဖွင့်ပွဲ ကျင်းပ

ဒေးဒရဲ ဇန်နဝါရီ ၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၏ လူမှုကူညီရေးလုပ်ငန်းများဖြစ်သော ကိုဗစ် (၁၉) ရောဂါကာကွယ်ရေး၊ ရေဘေးကူညီရေးနှင့် လူနာတင်ယာဥ် ကူညီမှုလိုအပ်လျက်ရှိသောလူနာများအား (၂၄) နာရီ ကူညီဆောင်ရွက်ပေးလျက်ရှိသည့် လူသားချင်းစာနာမှုအကူအညီပေးရေးအဖွဲ့၏ရုံးခန်းနှင့် လူနာတင်ယာဥ်  အဆောက်အဦသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီက အမှတ် (၂) ရပ်ကွက်၊ ဗိုလ်ဘဌေးလမ်းရှိ အဆိုပါအဆောက်အဦတွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ပြည်သူများနှင့် မိတ်ဖက်လူမှုကူညီရေးအသင်းအဖွဲ့တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့် လူသားချင်းစာနာမှုအကူအညီပေးရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦးတို့က လူသားချင်းစာနာမှုအကူအညီပေးရေးအဖွဲ့ဆိုင်းဘုတ်နှင့်အဆောက်အဦအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ဆက်လက်၍ အဆောက်အဦဖြစ်မြောက်ရေး ပါဝင်လှူဒါန်းခဲ့ကြသည့် စေတနာရှင်ပြည်သူများနှင့် လူမှုကူညီရေးလုပ်ငန်းများတွင် ပူးပေါင်ပါဝင်ဆောင်ရွက်ခဲ့ကြသည့် မိတ်ဖက်လူမှုကူညီရေးအသင်းများအား ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

လူသားချင်းစာနာမှုအကူအညီပေးရေးအဖွဲ့အနေဖြင့် ကိုဗစ် (၁၉) ရောဂါ ကာကွယ်ရေးလုပ်ငန်းများ၊  သဘာဝဘေးအန္တရာယ်နှင့် ရေဘေးကူညီမှုလုပ်ငန်းများ၊  လူမှုကူညီရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး အရေးပေါ်လူနာတင်ယာဥ်လိုအပ်လျက်ရှိသည့် လူနာများအား လူနာတင်ယာဥ်များဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အေဇာလင်း