ဟားခါး ဇန်နဝါရီ ၉
၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ချင်းပြည်နယ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်ပညာရေးမှူးရုံး၊ တောင်ဇလပ်ခန်းမဆောင်၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာဟားခါးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူများက “စုံညီပွဲတော်”သီချင်းဖြင့် ဂုဏ်ပြုသီဆိုကြပြီး ချင်းပြည်နယ် ပညာရေးမှူးကိုယ်စား ဒုတိယညွှန်ကြားရေးမှူး ဦးဗန်ရိုထန်က မြန်မာနိုင်ငံ၏အမျိုးသားပညာရည်မြင့်မားရေးအတွက် အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း(၂၀၁၆−၂၀၂၁)ဖြင့် အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ၎င်းမဟာဗျူဟာစီမံကိန်းအရ အခြေခံပညာကျောင်းများတွင် ပညာရေးလုပ်ငန်းများကို လအလိုက် ပညာရေးပြက္ခဒိန်ရေးဆွဲပြီး ကျောင်းသား၊ ကျောင်းသူများ၏ ကဏ္ဍအသီးသီးမှ စွမ်းဆောင်မှုများကို ထုတ်ဖော်ဂုဏ်ပြုနိုင်ရေးအတွက် ၁၉၉၈−၁၉၉၉ ပညာသင်နှစ်မှစ၍ နှစ်စဉ် ဇန်နဝါရီလ ၃ ရက်နေ့ကို ပညာရေးစုံညီပွဲတော်နေ့အဖြစ် သတ်မှတ်ပြီး ဗဟိုအဆင့်၊ ပြည်နယ်အဆင့်၊ မြို့နယ်အဆင့်နှင့် အခြေခံပညာကျောင်းများတွင် ပညာရေးစုံညီပွဲတော်ကို နှစ်စဉ် ပညာသင်နှစ်၏ နှစ်ကုန်ပိုင်း ပြက္ခဒိန် နှစ်၏ အစပိုင်းဖြစ်သည့် ဇန်နဝါရီလ ပထမပတ်တွင် ကျင်းပခဲ့ပါကြောင်း၊ ထိုသို့ကျင်းပခြင်းအားဖြင့် တစ်နှစ်တာ ပညာရေးလုပ်ငန်းများအပေါ် အားနည်းချက်၊ အားသာချက်များကို ပြန်လည်သုံးသပ်ခြင်း၊ ရင်းနှီးပွင့်လင်းစွာ စုပေါင်းဆွေးနွေးကြခြင်းတို့ ဆောင်ရွက်နိုင်ပြီး နောင်ပညာသင်နှစ်အစမှာ ကျောင်းနှင့်ကျောင်းသားများအတွက် ပိုမိုကောင်းမွန်သည့် အစီအမံများ၊ လျာထားချက်များ ချမှတ်ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ စုံညီပွဲတော်တွင် ကျောင်းသား၊ ကျောင်းသူများအတွက်လည်း မိမိတို့၏စွမ်းရည်ကို ပြသခွင့်ရရှိခြင်း၊ ပျော်ပွဲရွှင်ပွဲများ ကျင်းပပေးခြင်းဖြင့် ရင်းနှီးပျော်ရွှင်နေကြသည်ကို ကြည်နူးစွာ မြင်တွေ့ကြရမည်ဖြစ်ကြောင်းဖြင့် အမှာစကားပြောကြားသည်။
ထို့နောက် ၂၀၂၄−၂၀၂၅ ပညာသင်နှစ်၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ် အထက်တန်းအဆင့် ကဗျာ၊ ပန်းချီးပြိုင်ပွဲများတွင် ဆုရရှိသူများအား ချင်းပြည်နယ်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးလျန်ကျုံးကလည်းကောင်း၊ အလယ်တန်းအဆင့် ကဗျာ၊ ပန်းချီပြိုင်ပွဲများတွင် ဆုရရှိသူများအား ဒုတိယညွှန်ကြားရေးမှူး ဦးဟုမ်ဇထန်ကလည်းကောင်း၊ မူလတန်းအဆင့် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲတွင် ဆုရရှိသူများအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးအောင်ကလည်းကောင်း ၊ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း (Grade-12) ထူးချွန်ဆုများနှင့် အထက်တန်းအဆင့် စာစီစာကုံး နှစ်သိမ့်ဆုရရှိသူများကို ဒုတိယညွှန်ကြားရေးမှူး ဦးဗန်ရိုထန်ကလည်းကောင်း ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့် ကြသည်။
ယင်းနောက် ဟားခါးမြို့ အမှတ်(၁)၊ အမှတ်(၂)၊ အမှတ်(၃)နှင့် အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူများက အကများဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူများက“စုံညီတူနွဲပျော်” သီချင်းဖြင့် ဂုဏ်ပြုသီဆိုကြပြီကာ ၂၀၂၄−၂၀၂၅ ပညာသင်နှစ်၊ ချင်းပြည်နယ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနာအောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)