အမာမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တီဘီရောဂါကာကွယ်ရေးနှင့် ကုသရေးအသိပညာပေး ဟောပြောပွဲဆောင်ရွက်

အမာ ဇန်နဝါရီ ၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အခြေခံပညာအထက်တန်းကျောင်းသို့သွား‌ရောက်ကာ ကျောင်းသား/သူများအား တီဘီရောဂါကာကွယ်ရေးနှင့် ကုသရေးအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၁၁) နာရီအချိန်တွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အသိပညာပေးဟောပြောရာတွင် အမာမြို့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးမှူး ​​ ဒေါ်လှမြတ်မင်းမှ တီဘီရောဂါအမျိုးအစားများ၊ ရောဂါလက္ခဏာများ၊ ရောဂါကာကွယ်နည်းများ၊ ဆေးသောက်ချိန် အကြောင်းများကိုဟောပြောရာ တီဘီရောဂါဖြစ်ပွားရသည့် အဓိကအကြောင်းအရင်းမှာ မိုက်ကိုဘက်တီရီးယမ်းကျူဘာက လို့ဆစ်ရောဂါပိုး ကြောင့်ဖြစ်ကြောင်း၊ တီဘီရောဂါကူးစက်ပါက လူ၏အဆုတ်ကိုထိခိုက်စေကြောင်း၊ အခြားခန္ဓာကိုယ်အစိတ်အပိုင်းများ ကိုလည်းထိခိုက်စေပြီး အပြင်းအထန်ဖျားနာမှုဖြစ်စေနိုင်ကြောင်း စသည်ဖြင့်ရောဂါ၏ ဆိုးကျိုးများကို ပြောကြားခဲ့ပြီးနောက် ကူးစက်တတ်သောရောဂါများ၊ မကူးစက်တတ်သော ရောဂါများနှင့်ပတ်သက်ပြီး ဆောင်ရန်ရှောင်ရန်များတို့ကို ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးအသိပညာဗဟုသုတရရှိစေရန် အသိပညာပေးဟောပြောခဲ့‌သည်။

အဆိုပါဟောပြောပွဲသို့ အမာမြို့၊ အထကကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ချယ်ရီထွန်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဒေါ်လှမြတ်မင်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ​၊ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြောင်း သိရသည်။

အမာ (ပြန်/‌ဆက်)