မြဝတီ ဇန်နဝါရီ ၉
ကရင်ပြည်နယ်၊ မြဝတီမြို့၏ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင်ဆံတော်ရှင် ရွှေမြင်းဝန်စေတီတော်မြတ်ကြီး၌ ဗုဒ္ဓသာသနာတော် အဓွန့်ရှည်တည်တံ့ ထွန်းလင်းစေရန်အတွက် (၄၇)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်း ပဋ္ဌာန်းသိမ်းအောင်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါစေတီတော်မြတ်ကြီးမြောက်ဘက်မုခ် မဟာမြတ်မုနိရုပ်ပွားတော်မြတ်ကြီးဝတ်တော်အတွင်း ကျင်းပခဲ့သည်။
ဦးစွာ ကျောင်းတိုက်အသီးသီးမှ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များက နမောတဿ သုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ အခမ်း အနားကို ဖွင့်လှစ်ပေးပြီး ပဋ္ဌာန်းသိမ်းအောင်ပွဲ အနုမောဒနာ ဂါထာတော်ကို ရွတ်ဖတ်ပူဇော်သည်။
ဆက်လက်၍ ညီနောင် သက်သက်လွတ်ကျောင်းတိုက်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇဦးအာသီထံမှ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးစိန်သောင်း၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဧည့်ပရိသတ်အပေါင်းတို့က ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပေးကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေပြီးအခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ် ပူဇော်ခြင်း ပဋ္ဌာန်းသိမ်းအောင်ပွဲအခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရသည်။
ဇာဖြူဝင်း(မြဝတီ)