ငဖဲ ဒီဇင်ဘာ ၂
မကွေးတိုင်းဒေသကြီး ၊မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ကျေးလက်ဒေသနှင့် မြို့ပြဆက်သွယ် သွားလာမှုအဆင်ပြေလွယ်ကူချောမွေ့စေရန်အတွက် ငဖဲမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာန က လမ်း/တံတားများကိုဖောက်လုပ်တည်ဆောက်ပေးလျက်ရှိရာ ဆူးပဒေါင်းကျေးရွာအုပ်စု ဆူးပဒေါင်း ကျေးရွာအဝင်တွင် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနကတာဝန်ယူတည်ဆောက်သော သံကူ ကွန်ကရစ်တံတားသည် ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်တွင် ရာနှုန်းပြည့် တည်ဆောက်ပြီးစီးနေပြီဖြစ်၍ ကျေးလက်နေပြည်သူများသွားလာရ အဆင် ပြေလျက်ရှိကြောင်းသိရသည်။
အဆိုပါတံတားကို ငဖဲမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် တိုင်းဒေသကြီးငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကျပ် ၁၃၅သန်း ဖြင့် ပေ ၄၀ သံကူကွန်ကရစ်တံတားကို ၂၀၂၀ပြည့်နှစ်၊ ဖေဖော်ဝါရီလ က စတင်အကောင်အထည်ဖော်တည်ဆောက်ခဲ့ရာ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာ နှစ် ကုန်တွင် ရာနှုန်းပြည့်တည်ဆောက်ပြီးစီးခဲ့သည်။
ဆူးပဒေါင်းကျေးရွာအုပ်စုရှိ အနီးပတ်ဝန်းကျင်ကျေးရွာများမှ အိမ်ခြေ ၅၈၂ အိမ် နှင့် လူဦးရေ ၂၃၄၂ ဦး တို့၏ ပညာရေး၊ကျန်းမာရေး၊လူမှုရေးအစရှိသည့် လူမှုစီးပွားဘ၀ကို အထောက်အကူ ပြုလျက်ရှိပြီး ငဖဲမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကျေးလက်လမ်း( ၁၅ ) ခုနှင့် တံတား(၄ )စင်းနှင့် Box Culvert(၂၁)စင်း တို့ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
မယု(ငဖဲ)