လိပ်သို ဇန်နဝါရီ ၉
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်း အနားကို ယနေ့နံနက် ၉ နာရီအချိန်က ကက်သလစ်မယ်တော်ရင်ပြင်၌ ပြုလုပ်ကျင်းပရာ ဌာနဆိုင်ရာအကြီးအကဲများ၊ ပညာရေးဌာနမှ ဆရာ/ဆရာမ များ၊ ကျောင်းသား/ကျောင်းသူများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ Grade-8 ကျောင်းသား/ကျောင်းသူများက “ကြိုဆိုပါသည်စုံညီပွဲတော်”တေးသီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး ကျောင်းအုပ်ဆရာမ ဒေါ်နှင်းဝေဦးက ပညာရေး စုံညီပွဲတော်ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့အုပ်ချုပ်ရေးမှူး ဦးစောမြတ်ကျော်က ကျောင်းသား/ကျောင်းသူများအား အမှာစကားပြောကြားပြီးနောက် မြို့မိမြို့ဖ ဦးစောဂျေအေဝင်းမြင့်က ကျောင်းသား/ကျောင်းသူများအား ဘက်စုံထူးချွန်အောင် ကြိုးစားကြရမှာဖြစ်ကြောင်း အားပေးစကားပြောကြားခဲ့သည်။
ထို့နောက် မြို့အုပ်ချုပ်ရေးမှူး ဦးစောမြတ်ကျော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်သူ ကျောင်းသား/ကျောင်းသူများနှင့် ပညာရည်ချွန် ဆုရရှိသူ ကျောင်းသား/ကျောင်းသူများအားလည်းကောင်း၊ ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများအားလည်းကောင်း၊ စကားရည်လုပြိုင်ပွဲတွင် ဆုရရှိသူများအားလည်းကောင်း၊ အထိမ်းအမှတ်နေ့ပြိုင်ပွဲများ၊ စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ဆောင်းပါးနှင့် အားကစားပြိုင်ပွဲများတွင် ထူးချွန်ဆု ရရှိသူများအား ဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့သည်။
ထို့နောက် အခမ်းအနားဒုတိယပိုင်းတွင် ကျောင်းသား/ကျောင်းသူများ၏ အကပဒေသာများဖြင့် အခမ်းအနားတက်ရောက်လာကြသူများအား ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး Grade-9 ကျောင်းသား/ ကျောင်းသူများ၏ “မြန်မာ့ကျောင်း” သီချင်းဖြင့် အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်ပညာရေး စုံညီပွဲတော် ကျောင်းတွင်း အားကစားပြိင်ပွဲများနှင့် ပျော်ပွဲ၊ ရွှင်ပွဲများကို ဇန်နဝါရီလ ၃ ရက်နေ့မှ ၉ ရက်နေ့အထိ ကျင်းပခဲ့ကြောင်း သိရသည်။
ခင်လေးနွယ်