ကဝမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ ဆောင်ရွက်

ကဝ ဇန်နဝါရီ ၉

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့ နံနက်(၁၀)နာရီက အ.မ.က(မူလွန်)အင်းဝ ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်ခင်က  အဖွင့်အမှာစကားပြောကြားပြီး ကဝမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းဝင်းက ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးပြီး၊ ထူးချွန်ထက်မြတ်သူများဖြစ်လာစေရန်၊ သိသင့်သိထိုက်သည့်အကြောင်းအရာများကို သိရှိနိုင်ရန်အတွက် ကျောင်းစာအပြင် ပြင်ပဗဟုသုတစာများကိုဖတ်ကြရန်နှင့် မူးယစ်ဆေးဝါးအန္တရာယ်များနှင့်ပတ်သက်၍ ကျောင်းသား/ကျောင်းသူများ သိသင့်သိထိုက်သည်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးနယ်လှည့်စာကြည့်တိုက်အဖြစ် ဦးစီးအရာရှိ ဒေါ်သန်းသန်းဝင်းနှင့်ဝန်ထမ်းများက ကျောင်းသား/ကျောင်းသူများအား အသိပညာတိုးပွားစေမည့် ရုပ်ပုံပြဇာတ်နှင့်ရုပ်ပုံပါ ပုံပြင်စာအုပ်များဖြင့်ပုံပြင်‌ပြောပြခြင်း၊ စာအုပ်များအားဖတ်ရှု‌စေခြင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်များအကြောင်း အသိပညာပေးနံရံကပ်စာစောင်များကိုပြသခဲ့ရာ ကျောင်းသား/ ကျောင်းသူများက စိတ်ပါ၀င်စားစွာ ကြည့်ရှုလေ့လာကြကြောင်း သိရသည်။

ရဲဇော်ဟိန်း(ပြန်/ဆက်)