နတ်တလင်းမြို့နယ်၌ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊စာအုပ်၊ စာစောင်ပြပွဲနှင့် ဟောပြောပွဲဆောင်ရွက်

နတ်တလင်း ဇန်နဝါရီ ၉

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားလာစေရန်ရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊

စာအုပ်၊ စာစောင်ပြပွဲနှင့် ဟောပြောပွဲဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က အ.လ.က ကြခတ်ဝါးရုံကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ အ.လ.ကကြခတ်ဝါးရုံ ကျောင်းအုပ်ဆရာမကြီး​ ဒေါ်လွင်လွင်ကျော်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်သူဇာဝင်းက ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ခြင်းဖြင့်ရရှိနိုင်သော အကျိုးကျေးဇူးများ၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးနှင့် လူကုန်ကူးမှုအန္တရာယ်အကြောင်းတို့နှင့်ပတ်သက်၍ အသိပညာပေးဟောပြောခြင်း၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်အေးအေးဆွေမှ စားသုံးသူကာကွယ်ပေးရေး ဥပဒေအကြောင်း၊ ကုန်ညွှန်းအမှတ်အသားပြည့်စုံပါဝင်မှုအကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့ကြသည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတရရှိစေမည့် စာအုပ်စာစောင်များကိုပြသ၍ ဖတ်ရှုစေခြင်း၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနံရံကပ်စာစောင်နှင့် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး နံရံကပ်စာစောင်များပြသခြင်းတို့ဆောင်ရွက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုမှတ်သားခဲ့ကြောင်း သိရသည်။

ဝေယံဖြိုး(ပြန်/ဆက်)