သဲကုန်း​မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်၊ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာ​​စောင်ပြပွဲ ကွင်းဆင်းဆောင်ရွက်

သဲကုန်း ဇန်နဝါရီ ၉

ပဲခူးတိုင်း​ဒေသ​ကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်၊ စာပေဖတ်ရှုသည့် အလေ့အကျင့်​ကောင်းများရရှိ​စေ​ရန်အတွက် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းအဖြစ် စာဖတ်ရှိန်မြှင့်တင်ရေး၊ အသိပညာပေးဟောပြောပွဲ၊  နံရံကပ်စာစောင်ပြပွဲနှင့် Mobile စာကြည့်တိုက်လုပ်ငန်းများကို ယနေ့ နံနက်(၁၀)နာရီအချိန်က အခြေခံပညာမူလတန်းကျောင်း(ပေါက်မှော်)၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင့်နန္ဒာဌေးက  ကျောင်းသား၊ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပစာအုပ်စာစောင်များကို ဗဟုသုတရရှိရေးအတွက် ငှားရမ်းဖတ်ရှုလေ့လာသော အလေ့အကျင့်ကောင်းများရှိစေရန်၊  ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ငယ်စဥ်ကပင် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိလာစေရန်၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာလုပ်ငန်းအဆင့်ဆင့်၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာသိကောင်းစရာများ၊ ဗလငါးတန်ပြည့်စုံကြွယ်ဝ၍ ဘက်စုံဖွံ့ဖြိုးတိုးတက်သော ကျောင်းသား/ ကျောင်းသူများဖြစ်စေရန်ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း အသိပညာပေးဟောပြောခဲ့သည်။ ဆက်လက်၍ ရုပ်သံကျွမ်းကျင်-၃ ဒေါ်နော်မျိုးမျိုးဆွေက ကျောင်းသား၊ ကျောင်းသူများ ဗဟုသုတရရှိစေရန် စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းအဖြစ် ပုံပြင်ပြောခြင်းများဆောင်ရွက်ပေးခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင်များ၊ သုတ၊ ရသစာအုပ်စာစောင်များအား ကျောင်းသား၊ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာခဲ့ကြသည်။

သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများအနေဖြင့် ​ကျောင်းသား၊ကျောင်းသူများ ပြည်သူများစာပေကို အလွယ်တကူဖတ်ရှုလေ့လာနိုင်ရေးအတွက် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ရပ်ကွက်၊ ကျေးရွာများနှင့် အခြေခံပညာကျောင်းများအရောက် လိုက်လံငှားရမ်းပေးခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)