ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး မြိုင်ကြီးငူ-မင်္ဂလာမြို့ဦးစေတီတော်မြတ်ထီးတော်တင် လှူပူဇော်

ဘားအံ ဇန်နဝါရီ ၉

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူအထူးဒေသ မူလမြိုင်ကြီးငူဆရာတော်ဘဒ္ဒန္တသုဇနအား ဦးထိပ်ထား၍ မြိုင်ကြီးငူအထူးဒေသ၊ ကံ့ကော်မြိုင်ရပ်ကွက်၌ တည်ထားကိုးကွယ်တော်မူသော မြိုင်ကြီးငူ-မင်္ဂလာမြို့ဦး စေတီတော်မြတ်ထီးတော်တင်လှူပူဇော်ပွဲမင်္ဂလာအခမ်း အနားကို ယနေ့နံနက်ပိုင်းက အဆိုပါ စေတီတော်ပရဝုဏ်၌ ဆင်ယင်ကျင်းပခဲ့သည်။

ရွှေထီးတော်တင်လှူပူဇော်ပွဲသို့ မြိုင်ကြီးငူနန်းဦးဘေးမဲတောရတိုက်ကျောင်းဦးစီးပဓာနနာယက ဒုတိယမြိုင်ကြီးငူဆရာတော် အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ သီရီပျံချီ ဘဒ္ဒန္တဉာဏိက အမှူးပြုသောဆရာတော်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တပည့်ဒါယကာ၊ဒါယိကာမများ၊ ဒေသခံတိုင်းရင်းသားပြည်သူများနှင့် ဧည့်ပရိသတ်များတက်ရောက်ကြည်ညိုပူဇော်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က မြိုင်ကြီးငူနန်းဦးဘေးမဲတောရတိုက်ကျောင်းဦးစီးပဓာနနာယက ဒုတိယ မြိုင်ကြီးငူဆရာတော် အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ သီရီပျံချီဘဒ္ဒန္တဉာဏိကအား ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့်နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကြပြီး ဆရာတော်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့် ဘုရားဒါယကာများက စေတီတော်အထွတ်တွင်တင်လှူပူဇော်မည့် ရတနာရွှေထီးတော်၊ ငှက်မြတ်နားတော်၊ စိန်ဖူးတော်နှင့်အရံစေတီထီးတော်များကို စေတီတော်အားလက်ယာရစ်သုံးပတ် လှည့်လည် ပူဇော်ကြသည်။

ထို့နောက် ဒုတိယမြိုင်ကြီးငူဆရာတော်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ရွှေထီးတော် ဘုံအဆင့်ဆင့်ကို စေတီတော်အထွတ်သို့ မင်္ဂလာရထားပျံဖြင့် ပင့်ဆောင်တင်လှူပူဇော်ကြပြီး ရွှေထီးတော်၊ ငှက်မြတ်နားတော်နှင့် စိန်ဖူးတော်တို့ကို    အမွှေးနံ့သာရည်များဖြင့် ပက်ဖြန်းပူဇော်ကြကာ ဆရာတော်၊ သံဃာတော်များက “ဇယန္တောဗောဓိယာမူလေ”အစချီ အောင်ဂါထာကို သုံးကြိမ်ရွတ်ဆိုပူဇော်ကြ၍ ရတနာရွှေမိုး ငွေမိုးများ ရွာသွန်းဖြိုးခဲ့ကြကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)