ပေါက်ခေါင်း ဇန်နဝါရီ ၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြိုနယ်တွင် ယခုနှစ်မိုးနှောင်းရာသီစိုက် ချည်မျှင်ရှည်ဝါသီးနှံများဝါကောက်(သို့) ဆွတ်ခူးလျက်ရှိရာ ဝါတစ်ပိဿာ ၄,၈၀၀ ကျပ် ရရှိကြောင်း တောင်သူများထံမှ သိရသည်။
"ပြီးခဲ့တဲ့ ဒီဇင်ဘာလကစပြီး ဝါးခူးဝါကောက်ပါတယ်၊ ဝါကောက်ချိန်အစပိုင်းမှာတော့ ချည်မျှင်ရှည်ဝါ တစ်ပိဿာကို ၅,၂၀၀ ကျပ်ထိ ပေါက်ဈေးရရှိပါတယ်၊ ခုနောက်ပိုင်းမှာတော့ ၄,၈၀၀ ကျပ်ထိ ဈေးကျလာတယ်၊ ပြီးခဲ့တဲ့နှစ်က ဝါတစ်ပိဿာကို ကျပ် ၃,၅၀၀ ထိ နောက်ဆုံးဈေးရရှိပါတယ်၊ ဝါ တစ်ဧကစိုက်ပျိုးထုတ်လုပ်စရိတ်ကတော့ တစ်ဧကကို ပျမ်းမျှကျပ် သုံးသိန်းခွဲထိရှိတယ်၊ ခုဝါကောက်ချိန်မှာ တစ်ဧကကို ဝါပိဿာ ၉၀၀ ခန့်ထိ ထွက်ရှိပြီး ဝါဈေးကွက်နဲ့ချိန်ကြည့်မယ်ဆိုရင်တော့ တွက်ခြေကိုက်တဲ့သီးနှံဖြစ်ပါတယ်-စတင်စိုက်ပျိုးချိန်အနေ ခူးဆွတ်ချိန်ထိ ၄ လလောက်ကြာပါတယ်" ဟု ချည်မျှင်ရှည်ဝါ ၄ ဧကစိုက်ပျိုးထားသည့်တောင်သူ ဦးမောင်လေးက ပြောကြားသည်။
ယခုဝါကောက်ချိန်တွင် ကျေးရွာနေပြည်သူတွေအတွက်လည်း အလုပ်အကိုင်တွေ ရရှိလာတယ်လို့ဆိုပါတယ် " ဝါကောက်တာက နေ့စားတော့မဟုတ်ဘူး ဝါတစ်ပိဿာကို ၅၀၀ ကျပ်ပေးရတယ်၊ တစ်ဦးကို မနက်ပိုင်းတင် ၁၀ ပိဿာလောက်ရကြပါတယ်၊ နေ့တစ်ဝက်ကို ကျပ် ၅,၀၀၀ ထိ ရကြပါတယ်" ဟု ဦးမောင်လေးက ဆက်လက်ပြောကြားသည်။ ဝါဈေးကွက်ကောင်းသဖြင့် ယခုနှစ်တွင် ပေါက်ခေါင်းမြို့နယ်၌ ဝါကြီးနှင့်ချည်မျှင်ရှည်ဝါအပါအဝင် စုစုပေါင်း ဝါဧက ၇၀၀၀ ကျော် စိုက်ပျိုးထားရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)