တောင်တွင်းကြီးမြို့နယ်တွင် ဆည်ရေသောက်စနစ်ဖြင့် နွေစပါးစိုက်ပျိုးနိုင်ရေး တောင်သူအသိပညာပေးဆွေးနွေးပွဲ ပြုလုပ်

တောင်တွင်းကြီး ဇန်နဝါရီ ၉

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ အစိုးရဆည်/ရေလှောင်တမံများဖြစ်သော ငမင်ရေလှောင်တမံနှင့် ရန်ပယ်ရေလှောင်တမံ ဆည်ရေသောက်စနစ်ဖြင့် ၂၀၂၄ - ၂၀၂၅ ခုနှစ်၊ နွေစပါး ဧက (၉၀၀) ကျော် အောင်မြင်စွာ စိုက်ပျိုးထုတ်လုပ်နိုင်ရေး ယမန်နေ့နံနက် (၁၀)နာရီအချိန်က  ​မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦး၏ ဦးဆောင်မှု​ဖြင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက တောင်တွင်းကြီးမြို့နယ်၊ ပရပ်ကြယ်အုပ်စု၊ ကံကြီးကုန်းကျေးရွာသို့ သွားရောက်၍ ဒေသခံတောင်သူများကို နွေစပါးသီးနှံအချိန်မီစိုက်ပျိုးနိုင်ရေးအတွက် အသိပညာပေးဆွေးနွေးပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။ 

တွေ့ဆုံဆွေးနွေးရာတွင်  တောင်တွင်းကြီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးက ယခုနှစ် နွေစပါးသီးနှံစိုက်ပျိုးရာသီတွင်  နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှုဖြင့် တောင်တွင်းကြီး မြို့နယ်အတွင်း နွေစပါးဧက (၉၀၀)ကျော် အကောင်အထည်ဖော် စိုက်ပျိုးထုတ်လုပ်သွားမည်ဖြစ်၍ ကျေးရွာအုပ်စုများမှ ဒေသခံတောင်သူများ နွေစပါးသီးနှံ အချိန်မီစိုက်ပျိုးထုတ်လုပ်နိုင်ရန်အတွက် ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးခြင်းဖြစ်ကြောင်း အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ AE ဦးထိန်လင်းက ဆည်/ရေလှောင်တမံများမှ နွေစပါးထုတ်လုပ်နိုင်ရေးအတွက် ဆည်ရေရယူစိုက်ပျိုးသည့်အခါ ကွက်ဆင့်သောက်စနစ်အစား လယ်ကြားမြောင်းဖောက်လုပ်ပြီး ဆောင်ရွက်ခြင်းအားဖြင့် ရေကိုလိုအပ်သည့်အချိန် အချိန်မီသွင်းနိုင်သဖြင့် အရည်အသွေးပြည့်မီသည့် နွေစပါးသီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်မည်ဖြစ်ကြောင်းနှင့် ရေအလေအလွင့်နည်းပါးသဖြင့် နွေစပါးစိုက်ဧကများကို ရေလုံလောက်စွာ ပေဝေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးခင်မောင်အေးက လယ်ယာမြေဥပဒေနှင့်ပတ်သတ်၍ အသိပညာပေးဆွေးနွေးခဲ့ကာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မျိုးအေးက နွေစပါးသီးနှံစိုက်ပျိုးရာတွင် သီနှံအထွက်နှုန်းကောင်းမွန်ရေး လိုက်နာဆောင်ရွက်ရမည့် စိုက်ပျိုးရေးနည်းစနစ်များနှင့် သွင်းအားစုပစ္စည်းသုံးစွဲနည်းစနစ်များ၊ စပါးတစ်ဧကအထွက်နှုန်း အပြည်အဝထွက်ရှိရေးနှင့် စပါးမျိုးစေ့ချကိရိယာ (Seeder) အသုံးပြုရခြင်း၏ အကျိုးကျေးဇူးများ၊ အထွက်နှုန်းကောင်းမွန်ပြီး အရည်အသွေးကောင်း စပါးမျိုးများဖြစ်သော ဆာဖိုးသာစပါးမျိုး၊ အောင်နိုင်တိုးစပါးမျိုးများအား ရွေးချယ်စိုက်ပျိုးသင့်ကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး နွေစပါးစိုက်ပျိုးနည်းစနစ် အသိပညာပေးလက်ကမ်းစာစောင်များ  ဖြန့်ဝေခဲ့သည်။

နောင်နောင် (ဗိဿနိုးမြေ)