ပခုက္ကူ ဇန်နဝါရီ ၉
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁၇)အခြေခံပညာမူလတန်းကျောင်း၌ ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က စားသုံးသူရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပသည်။
ဟောပြောပွဲတွင် ပခုက္ကူခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦးနှင့် ဝန်ထမ်းများက စားသုံးသူပြည်သူများ၏ အခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားများ၊ စားသုံးသူကော်မတီ အဆင့်ဆင့်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးနေမှုများ၊ စားသုံးသူအကာအကွယ်ပေးရေး ဥပဒေအရ ကုန်စည်နှင့်ဝန်ဆောင်မှုကို တိုက်ရိုက်သုံးစွဲသူ ပြည်သူအများရရှိခံစားရမည့် အကျိုးကျေးဇူးများနှင့် သိရှိသင့်သည့် အချက်အလက်များအကြောင်းတို့ကို အသီးသီးအသိပညာ ပေးရှင်းလင်းဟောပြောကြရာ အမှတ်(၁၇)အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ကြီးက ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။
အဆိုပါ ဟောပြောပွဲတွင် ပခုက္ကူမြို့၊ အမှတ်(၁၇)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြပြီး ဟောပြောမှုအပေါ် နားလည်မှတ်သားနိုင်မှု စွမ်းရည်များမေးမြန်းကာ အဖြေမှန် ရရှိသူများအား စာရေးကိရိယာသုံး လက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခြင်း၊ စားသုံးသူရေးရာဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)