ပွင့်ဖြူမြို့နယ် လက်ပနွယ်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကွင်းဆင်းဆောင်ရွက်

ပွင့်ဖြူ ဇန်နဝါရီ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် လက်ပနွယ်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ပြသဆောင်ရွက်ခြင်းကို ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲတွင် ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဇင်မာအောင်က ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန် မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းရည်မှန်းချက် (၆)ရပ်နှင့် ကလေးအလုပ်သမားများ၏ အလုပ်ချိန်ကန့်သတ်ချက်များ၊ ကလေးအလုပ်သမားဖြစ်ရခြင်း၏ အကြောင်းအရင်းများ၊ အန္တရာယ်ရှိသော အလုပ်နှင့် လုပ်ငန်းခွင်များတွင် ဝင်ရောက်လုပ်ကိုင်နေသော ကလေးအလုပ်သမားများကို ဖယ်ရှားပြီး သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင်များရရှိရေး ဆောင်ရွက်ရန်အချက်များ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ (၂၀၁၉ ခုနှစ်)နှင့် ပြစ်မှုပြစ်ဒဏ်များ၊ ကလေးသူငယ်များ၏ ဘဝဖွံ့ဖြိုးတိုးတက်စေရန် သက်မွေးပညာကျောင်းများသို့ တက်ရောက်နိုင်ရေး စီမံဆောင်ရွက်ပေးမှုအခြေအနေများ စသည့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ သိမှတ်ဖွယ်ရာများကို ဆွေးနွေးဟောပြောခဲ့သည်။      

ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ လေ့လာဖတ်ရှုနိုင်ရန် ကလေးအလုပ်သမားပျောက်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးပြီး အသိပညာပေးနံရံကပ်စာစောင်များကို ခင်းကျင်းပြသရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစ်စား လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။  

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)