ငပုတော ဇန်နဝါရီ ၉
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျန်းမာရေးဝန်ကြီးဌာန၏အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေးစီမံကိန်း၊ ကျောင်းအခြေပြု တီဘီရောဂါ ကွင်းဆင်းရှာဖွေခြင်းလုပ်ငန်း အစီအစဉ်အရ တီဘီရောဂါစစ်ဆေးရှာဖွေ ဖော်ထုတ်ခြင်းကို ယနေ့နံနက်ပိုင်းက အ.လ.က ရွှေမြကွင်းကျောင်းတွင် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တီဘီရောဂါကွင်းဆင်းရှာဖွေခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် သွားဘက်ဆိုင်ရာဆရာဝန် ဒေါက်တာ ဒေါ်စိုးစန္ဒာလွင် ဦးဆောင်မှုဖြင့် ငပုတောမြို့နယ် ကျန်းမာရေးဝန်ထမ်းများက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်များရှိ ကျောင်းသား၊ ကျောင်းသူများအား ကွင်းဆင်း၍ တီဘီရောဂါ ရှိ/မရှိစစ်ဆေးခြင်း၊ တီဘီရောဂါသတိပြု ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်း၊ တီဘီရောဂါသံသယရှိသူ ကျောင်းသား၊ ကျောင်းသူများကို မြို့နယ်ပြည်သူ့ဆေးရုံတွင် ဓာတ်မှန်ရိုက်ပေးခြင်း၊ သလိပ်စစ်ဆေးပေးခြင်း၊ ရောဂါရှာဖွေ စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်သူ(ပြန်/ဆက်)