ပခုက္ကူမြို့၌ မွေးကင်းစကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်း ဆောင်ရွက်

ပခုက္ကူ ဇန်နဝါရီ ၉

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ မွေးကင်းစကလေးငယ်များကို ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်ရည်ရွယ်၍ ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို လစဉ်ပုံမှန် ဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ဒုတိယမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဝင်းသူရမြင့်ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက  ပခုက္ကူမြို့၊ ဒေသန္တရကျန်းမာရေးဌာနခွဲ(၁)နှင့် (၂)တို့၌ မွေးကင်းစမှ အသက်(၁၈)လအတွင်း ကလေးငယ်များအား ဘီစီဂျီ၊ ပိုလီယို၊ ဝက်သက်-ဂျိုက်သိုး၊ ဆုံဆို့နာ၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)နှင့် ဦးနှောက်အမြှေးရောင်ရောဂါများကာကွယ်နိုင်ရန်အတွက် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ကြရာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း ကလေးငယ် (၁၆၅၂)ဦး၊ ကိုယ်ဝန်ဆောင်မိခင် (၁၁၂)ဦး၊ စုစုပေါင်း (၁၇၆၄)ဦးတို့အား ပုံမှန်ကာကွယ်ဆေး ထိုးနှံပြီးစီးခဲ့ကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)