ပလောက်မြို့တွင် ကျောင်းအခြေပြုတီဘီရောဂါ နှင့် Vape အန္တရာယ် အသိပညာပေးဟောပြောပွဲ ကျင်းပ

ပလောက် ဇန်နဝါရီ ၉

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများ တီဘီရောဂါနှင့် Vape သုံးစွဲမှုကင်းဝေးစေရေးအတွက် ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် အသိပညာပေးဟောပြောပွဲကျင်းပခဲ့ ကြောင်း သိရသည်။

ရှေးဦးစွာ မြို့တိုက်နယ်ဆရာဝန် ဒေါက်တာရဲမြင့်ဟိန်းမှ တီဘီရောဂါသတိပြုကာကွယ်ရေးအသိပညာပေးဟောပြောခြင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဘက်စုံသားဖွားဆရာမ ဒေါ်မိနုထွေးက E-Cigarette နှင့် Vape သုံးစွဲမှုကြောင့်ဖြစ်ပေါ်လာနိုင်သည့် အကြောင်းအရာများကို အသိပညာပေးပြီးတက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားဆွေးနွေးပေးခဲ့သည်။

ဆက်လက်ပြီး ပလောက်မြို့ ကျန်းမာရေးဝန်ထမ်းများ ကျောင်းသား၊ ကျောင်းသူများအား တီဘီရောဂါရှိ၊ မရှိစစ်ဆေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။ အဆိုပါအခမ်းအနားသို့ အခြေခံပညာအထက်တန်းကျောင်း (ပလောက်)မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ မိခင်နှင့်ကလေးအမျိုးသမီးရေးရာအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

 နှင်းမြူလွင် (ပလောက်)