ထားဝယ် ဇန်နဝါရီ ၉
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် Petro & Trans Co.,Ltd တို့အကြား မြိတ်မြို့နယ်အတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းဆိုင်ရာ ပထမအကြိမ်သက်တမ်းတိုး သဘောတူစာချုပ်အား လက်မှတ်ရေးထိုးချုပ်ဆိုမည့် အခမ်းအနားကိုယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရေးနှင့်ပတ်သက်၍ ရပ်ကွက်အလိုက်/နေရာဒေသအလိုက်ကို လျှပ်စစ်ဓာတ်အား အားအဖွဲ့အလိုက် စုစည်းပြီး မီးပေးရေးအဖွဲ့ဖြင့် ဆောင်ရွက်ထားရှိခဲ့ကြောင်း၊ ထားဝယ်ခရိုင်အတွင်းထားဝယ်မြို့ ပေါ်သာမက ရေဖြူ၊ လောင်းလုံး၊ သရက်ချောင်းမြို့နယ်များ ပေါင်းစပ်ပြီးခရိုင် Grid ကိုဆောင်ရွက် ထားရှိခဲ့ကြောင်း၊ အလားတူပင်မြိတ်မြို့တွင်ကွဲပြားနေသော ပုံစံအမျိုးမျိုးဖြင့် မီးပေးနေသောကြောင့် စုစည်းပြီးလျှပ်စစ်မီး သွယ်တန်းခြင်း၊ ဓာတ်အားခွဲရုံတည်ဆောက်ခြင်း၊ Transmar များတပ်ဆင်ပေးပြီး လျှပ်စစ်မီးအပြည့်အဝရရှိရေးအတွက်ဆောင်ရွက်ပေးခဲ့ကြောင်း၊ ထားဝယ်ခရိုင်အတွင်း ဂတ်စ်ဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းကို ယခင်ကတည်းကစီမံချက်ဖြင့် ဆောင်ရွက်ထားရှိခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် စီမံချက်ပျက်ခဲ့ရကြောင်း၊ အစိုးရအဖွဲ့တာဝန်ယူစဉ်ကာလတွင် ဂတ်စ်အင်ဂျင်အား ငှားရမ်းပြီးလုပ်ကိုင်ဆောင်ရွက်ခဲ့ကြောင်း၊ တိုင်းဒေသကြီးတွင် ဂတ်စ်တာဘိုင် အနေဖြင့် 6 မဂ္ဂဝပ်ကျော်ရှိပြီးဒီဇယ်ဖြင့် 20 မဂ္ဂဝပ်ကျော်ရှိကာ ရေအားလျှပ်စစ်ဖြင့် ဒသမ ဖြင့်သာ ရှိကြောင်း၊ ဒီဇယ်အားနိုင်ငံခြားငွေဖြင့်ပေးဝယ်နေရသောကြောင့် ဈေးနှုန်းအနည်း ငယ်မြင့်နေပေမယ့်လည်း လျှပ်စစ်မီးအပြည့်အဝ ရရှိခဲ့ကြောင်း၊ တိုင်းဒေသကြီးအတွင်း ရေအားလျှပ်စစ် (၂)ခုကို ကြိုးစား ဆောင်ရွက်ခဲ့သော်လည်း နယ်မြေဒေသအပေါ်မူတည်သောကြောင့်ဆောင်ရွက်နိုင်ခြင်းမရှိခဲ့ကြောင်း၊ ကျွန်းစုမြို့နယ်အတွင်း ဒီဇယ်၊ ဆိုလာ၊ ဟိုက်ဒရို(၃)ခုပေါင်းပြီး မီးရရှိရေးကြိုးစား ဆောင်ရွက်လျက်ရှိကြောင်း၊ ကော့သောင်းဒေသတွင် လျှပ်စစ်ယူနစ်ခနှုန်းထားလျော့ကျရေးအတွက် နေ့ဘက်တွင်ဆိုလာဖြင့် လျှပ်စစ်ဓာတ်အားပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီး အတွင်းရပ်ကွက်/ကျေးရွာအားလုံးမီးလင်းရေးအတွက်ကို ကြိုးစားဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လျှပ်စစ်ဓာတ်အားခ ဈေးနှုန်းလျော့ကျရေး ကြိုးစားဆောင်ရွက်လျက်ရှိပြီး သက်ဆိုင်ရာကုမ္ပဏီများအနေဖြင့်လည်း ယူနစ်နှုန်းထားလျော့ကျရေး ကြိုးစားဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တာဝန်ရှိသူများက တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် Petro & Trans Co.,Ltd တို့ အကြားမြိတ်မြို့နယ်အတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းဆိုင်ရာ ပထမအကြိမ် သက်တမ်းတိုး သဘောတူစာချုပ်အား လက်မှတ်ရေးထိုးခဲ့ကြပြီး မှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)