စလင်းမြို့ ကူတိုကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

စလင်း ဇန်နဝါရီ ၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့၊ မကျီးပင်ပုကျေးရွာအုပ်စု၊ ကူတိုကျေးရွာအခြေခံပညာအလယ်တန်းကျောင်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ကျောင်းတွင်းအားကစားနှင့်ဘက်စုံဆုရရှိသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ဇန်နဝါရီလ(၉)ရက် နံနက်(၉)နာရီအချိန်က အဆိုပါကျောင်းရှိ စာသင်ဆောင်အတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် ကူတိုကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းသူကလေးများက လန်းဆန်းပင်ပျို၊ အ.ထ.ကကူတိုတေးသီချင်းဖြင့် သီဆို၍အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး၊  ကျောင်းကော်မတီဦးဟန်ထွေးမှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ကူတိုကျေးရွာအခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဗိုလ်ဇွဲက ကျောင်းသား၊ကျောင်းသူကလေးငယ်များ ပိုမိုရင်းနှီးစေပြီး ကျောင်းနေပျော်၍ စာပေတော်ကာ ကျန်းမာကြံ့ခိုင်၍ ဉာဏ်ရည်ထက်မြက်ပြီး တစ်ဦးနှင့်တစ်ဦးရိုင်းပင်းကူညီ၍ လေးစားတန်ဖိုးထားတတ်ပြီး ကောင်းသောအကျင့်၊ ကောင်းသောအမှုကိုပြု၍ ဆင်ခြင်တုံတရားဖြင့် အမှားအမှန်ကိုစဥ်းစား ဆုံးဖြတ်နိုင်ကြစေရန်ရည်ရွယ်၍ ကျောင်းတွင်း အားကစားပြိုင်ပွဲများနှင့် ကျောင်းတွင်းစာပေပြိုင်ပွဲများပြုလုပ်ခဲ့ပြီး အဆိုပါပြိုင်ပွဲများမှ ထူးချွန်ထက်မြက်သော ကျောင်းသား၊ကျောင်းသူများအားအခမ်းအနားပြုလုပ်၍ ဆုများပေးအပ်ချီးမြှင့်ရခြင်းဖြစ်ကြောင်း အမှာစကားများပြောကြားခဲ့သည်။ ဆက်လက်၍ ကျောင်းအကျိုးတော်ဆောင်(ကိုယ်စား) ဆရာကြီး ဦးခင်မောင်ဌေးမှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကျင်းပပြုလုပ်ခဲ့သည့် ဉာဏစွမ်းရည်ပြိုင်ပွဲများ၊ ကာယစွမ်းရည်ပြိုင်ပွဲများနှင့် အားကစားပြိုင်ပွဲ၊ စာစီစာကုံး၊ ကဗျာ၊ ပန်းချီနှင့်ကျောင်းတွင်းပြိုင်ပွဲအသီးသီးတို့တွင် ဆုရရှိခဲ့ကြသည့် မူလတန်းမှ၊ အလယ်တန်းအဆင့်အထိ ကျောင်းသား၊ကျောင်းသူများ၏ ကြိုးစားမှုဖြင့် ဆုပေါင်း(၁၁၀)ဆုအားရရှိခဲ့ကြသည့် ကျောင်းသားလူငယ်တစ်ဦးချင်းစီအား ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။ အဆိုပါကျောင်းတွင် ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ဆရာမ(၂၃)ဦး၊ ကျောင်းသား၊ကျောင်းသူ(၂၉၇)ဦးတို့မှ ပညာသင်ကြားကာ အခမ်းအနားသို့ ဆရာ၊ဆရာမနှင့်ကျောင်းသားမိဘများ ကျောင်းသား/ကျောင်းသူများစုံညီစွာတက်ရောက်ခဲ့ကာ၊ ကူတိုကျေးရွာအလယ်တန်းကျောင်းမှ ကျောင်းသားများက ဆင်အကဖြင့်ကပြဖြေဖျော်ခဲ့ပြီး ဆရာ၊ဆရာမများနှင့် ဆုရကျောင်းသား၊ကျောင်းသူများမှ အမှတ်တရဓာတ်ပုံရိုက်ကူးကြကြောင်း သိရသည်။

(မောင်လွင်)စလင်း