မြောင်းမြ ဇန်နဝါရီ ၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၌ ကျောင်းသားလူငယ်များအနေဖြင့် နေ့ထူးနေ့မြတ်အထိမ်းအမှတ်အခမ်းအနားပွဲများတွင် အခမ်းအနားမှူးကောင်းတစ်ယောက်အဖြစ် ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်တတ်စေရန်နှင့် အရည်အချင်းပြည့်ဝသည့် အခမ်းအနားမှူးကောင်းတစ်ယောက်ဖြစ်စေရန်ရည်ရွယ်၍ အထောက်အကူပြုသင်တန်းဖြစ်သည့် အခန်းအနားမှူးသင်တန်းကို မြောင်းမြခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဇန်နဝါရီလ (၇) ရက်နေ့မှစတင်၍ သင်ကြားပို့ချပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲ (၂) နာရီအချိန်က ဆက်လက်သင်ကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်နှင့် ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်တို့က အခမ်းအနားအမျိုးအစားများ၊ အခမ်းအနားမှူး၏အဓိပ္ပာယ်၊ အခမ်းအနားမှူးတစ်ယောက် လေ့ကျင့်လေ့လာထားရမည့်အချက်များ၊ ကြိုတင်ပြောထားရမည့်စကား၊ အထွေထွေပိုင်း၊ လူရွေးချယ်မှုနှင့် တာဝန်ပေးအပ်ထားစဉ် ပြုမူနေထိုင်ရမည့်အနေအထားများ၊ အခမ်းအနားစတင်ချိန်မှ ပြီးမြောက်ချိန်ထိ ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ခန်းမပြင်အခမ်းအနားများ စသည့်အကြောင်းအရာများကို စာတွေ့/လက်တွေ့ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကို ဇန်နဝါရီလ (၇) ရက်နေ့မှ (၉) ရက်နေ့အထိ (၃) ရက်ကြာ သင်ကြားပေးမည်ဖြစ်ပြီး၊ စိတ်ပါဝင်စားသူကျောင်းသား/သူ ဦးရေစုစုပေါင်း (၂၀) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
ဇေယျာ(ပြန်/ဆက်)