ငပုတော ဇန်နဝါရီ ၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင်(၂)ဦးသန်းဦး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး၊ မြို့နယ်မြေစာရင်းဦးစီးမှူးနှင့် ဝန်ထမ်းများသည် ယမန်နေ့နံနက်ပိုင်းက ငပုတောမြို့နယ် ကမ်းနီကျေးရွာအုပ်စုတောင်သူ မန်းစံညှက်၏လယ်မြေ(၁)ဧကတွင် ကျင်းပပြုလုပ်သည့် ရေဆင်းစပ်မျိုးနေကြာ (၁)စိုက်ပျိုးပွဲ အခမ်းအနားသို့တက်ရောက်ကာ အဖွဲ့ဝင်များနှင့်အတူ နေကြာမျိုးစေ့အား စုပေါင်းစိုက်ပျိုးကြကြောင်း သိရသည်။
ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့်အဖွဲ့ဝင်များသည် တမန်ချောင်းကျေးရွာအုပ်စုနှင့် ကမ်းနီအုပ်စုနယ်စပ် ဥယျာဉ်ခြံများအတွင်း၌ ကော်ဖီပင်(၅)ဧက စိုက်ပျိုးထားရှိမှုအား ကြည့်ရှုအားပေးကာ အပင်အတွက်လိုအပ်သော အာဟာရဓာတ်များနှင့် သွင်းအားစုများကို အချိုးကျသုံးစွဲနိုင်စေရေး မှာကြားသည်။
နေ့လယ်ပိုင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည်ကမ်းနီကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးတွင် ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ ရပ်ရွာအတွင်း ဧည့်စာရင်း ပုံမှန် စစ်ဆေးခြင်းများ ဆောင်ရွက်နိုင်ရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ မီးဘေးအန္တရာယ် ကင်းဝေးစေရေး အထူးအလေးထားဆောင်ရွက်နိုင်ရေး၊ ကျေးရွာသန့်ရှင်းသာယာလှပမှုရှိစေရေး၊ သီးထပ်စွမ်းအားတိုးတက်စေရေးနှင့် လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
အောင်သူ(ပြန်/ဆက်)