ရွှေသောင်ယံ ဇန်နဝါရီ ၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အ.မ.က(၁၈၃)ကျောင်တလုံးကျောင်းတွင် ယနေ့နံနက်(၈)နာရီက ပညာရေးစုံညီပွဲတော်အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ရှေးဦးစွာကျောင်းအုပ်ဆရာမကြီးမှ အမှာစကားပြောကြားရာ၌ ယခုလိုပညာရေးစုံညီပွဲတော်အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်မှာ (၆)နှစ်ရှိခဲ့ပြီဖြစ်ကြောင်း ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းကော်မတီတို့၏ စည်းလုံးညီညွတ်မှုဖြင့် ယခုလိုပညာရေး စုံညီပွဲတော်ကို နှစ်စဉ်နှစ်တိုင်း ပြုလုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားပြီး ကျောင်းဘက်စုံဖွံ့ဖြိုးတိုးတက်မှုအတွက် ယခုလိုဝိုင်းဝန်းဆောင်ရွက်ကြရန် မှာကြားခဲ့သည်။
ထို့နောက် ဆုပေးပွဲအစီအစဉ်တွင် ပညာရည်ချွန်ဆု၊ အားကစားဆု၊ ဘက်စုံပညာထူးချွန်ဆုများကို ဆရာ၊ ဆရာမများ၊ တက်ရောက်လာကြသော ဌာနဆိုင်ရာအသီးသီးရှိ တာဝန်ရှိသူများမှ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ အခမ်းအနားကို ကျင်းပရာ အ.မ.က(၁၈၃) ကျောက်တလုံးကျောင်းရှိ ကျောင်းသား၊ ကျောင်းသူလေးများမှ အကအလှများဖြင့်ဖျော်ဖြေပေးခဲ့ကြသည်။
အဆိုပါ ပညာရေးစုံညီပွဲတော်အခမ်းအနားသို့ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြားထားသော ဌာနဆိုင်ရာများ၊ ကျောင်းကော်မတီများ၊ ကျောင်းသားမိဘများ စုံညီစွာ တက်ရောက်ခဲ့ကြသည်။
ရွှေသောင်ယံ(ပြန်/ဆက်)