ခန္တီးမြို့၌ နာဂရိုးရာစာပေနှင့်ယဉ်ကျေးမှု(ဗဟို) (၃၅)နှစ်ပြည့်ကျောက်စိမ်းရတုအထိမ်းအမှတ် နာဂရိုးရာနှစ်သစ်ကူးအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ခန္တီး ဇန်နဝါရီ ၉

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ(၁၅)ရက်နေ့တွင် ကျရောက်မည့် နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှု(ဗဟို) (၃၅)နှစ်ပြည့်ကျောက်စိမ်းရတုအထိမ်းအမှတ် နာဂရိုးရာနှစ်သစ်ကူး အားကစားပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို နာဂရိုးရာအားကစားကွင်း၌ ယမန်နေ့ နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့‌ကြောင်းသိရသည်။

ရှေးဦးစွာ အားကစားစစ်ကြောင်းမှူးက ဦးဆောင်၍ အားကစားသစ္စာအဓိဌာန်(၄)ချက်ရွတ်ဆိုခဲ့ကြပြီး စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မြင့်မောင်မောင်က အဖွင့်အမှာစကား‌ ပြောကြားကာ ခန္တီးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုးက ယှဉ်ပြိုင်ကြမည့် အားကစားသမားများအား အမှာစကား‌ပြောကြားခဲ့သည်။

ဆက်လက်၍ နာဂရိုးရာစာပေနှင့်ယဉ်ကျေးမှု(ဗဟို)ဥက္ကဋ္ဌ ဦးအောင်ထွဋ်က ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားကာ အားကစားကော်မတီဥက္ကဋ္ဌ ဦးခေးရှင်(မ်)က ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများနှင့် ပတ်သက်သည်များကို ပြောကြားခဲ့သည်။

ထို့နောက် အားကစားစစ်ကြောင်းမှူးက ဦးဆောင်၍ အားကစားသမားများ အားကစားကွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြသည်။

အားကစားပြိုင်ပွဲများအဖြစ် အမျိုးသား/သမီးအလွတ်တန်း ဖူဆယ်ဘောလုံး၊ ဘောလီဘော၊ ပိုက်ကျော်ခြင်း၊ နာဂနပမ်း၊ နာဂခွပ်တမ်း၊ နာဂလှံပစ်၊ နာဂမီးမွှေး၊ ‌နာဂထင်းခုတ်၊ အမြင့်ခုန်၊ အလျားခုန်ပြိုင်ပွဲများ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဇန်နဝါရီလ(၇)ရက်နေ့မှ (၁၄)ရက်နေ့အထိ (၈)ရက်တာ ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို နှစ်စဉ်နှစ်တိုင်း ဇန်နဝါရီလ(၁၅)ရက်နေ့တွင် ကျင်းပပြုလုပ်လျက်ရှိပြီး ၂၀၂၅ ခုနှစ်တွင် နိုင်ငံတော်အဆင့်အနေဖြင့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ‌ဒေသ၊ လဟယ်မြို့နယ်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကာ ဗဟိုအဆင့်အနေဖြင့် ခန္တီးမြို့နယ်တွင် ဇန်နဝါရီလ(၁၅)ရက်နေ့မှ(၁၇)ရက်နေ့ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကမ်းကီး(ပြန်/ဆက်)