သံတောင်ကြီးမြို့နယ်တွင် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်

သံတောင်ကြီး ဇန်နဝါရီ ၉

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဗိုလ်က ဌာနဆိုင်ရာများအနေဖြင့် လုပ်ငန်းများဆောင်ရွက်ပါက ပေါင်းစပ်ဆောင်ရွက်ကြရန်၊ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သောကြောင့် ရုံးတွင်း ရုံးပြင်သန့်ရှင်းရေးဆောင်ရွက်ကြရန်၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆောင်ရွက်ထားရန်၊ မိမိလုံခြုံရေး၊ ရုံးလုံခြုံရေး အထူးဂရုစိုက်ကြရန်၊ လျှပ်စစ်ဓါတ်အား ပြတ်တောက်မှုများရှိလျှင် ပြတ်တောက်ရသည့် အကြောင်းအရင်းများကို အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်ရန်၊ မြို့တွင်းသန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်း‌ရေးများ ဆောင်ရွက်ကြရန်၊ ဌာနဆိုင်ရာများအနေဖြင့် လုပ်ငန်းများစည်းလုံးညီညွှတ်စွာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် စသည့် အကြောင်းအရာများအား ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် တက်ရောက်လာသည့် မြို့နယ်အဆင့် ဌာနဆိုင်ရာများက မိမိတို့လုပ်ငန်းကဏ္ဍအလိုက် ဆောင်ရွက်နေမှုများ၊ ဆောင်ရွက်မည့် အစီအစဉ်များအား အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

နော်နော်မူ