နတ်မောက်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

နတ်မောက် ဇန်နဝါရီ ၉

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ ပြန်ကြားနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို  ယမန်နေ့နံနက် ၁၀ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(အောင်ဆန်း)တွင် ကျင်းပပြုလုပ်ခဲ့သည်။ 

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်သိမ့်သိ့မ်မိုး(ဦးစီးအရာရှိ)က ကျောင်းသား/သူများ အသိပညာဗဟုသုတတိုးပွားစေရန်၊ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရန်နှင့်  ထူးချွန်ထက်မြက်သူများဖြစ်လာစေရန်ရည်ရွယ်၍ ဟောပြောပွဲများပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ မျက်မှောက်ခေတ်ကာလ လူငယ်များအတွက် လက်ကိုင်ဖုန်းပေါ်မှာပင် မိမိနှစ်သက်ရာဘာသာဖြင့် စာအုပ်စာပေကို အကျိုးရှိအောင် ရှာဖွေဆည်းပူးခြင်းထက် စိတ်ခံစားမှုအား နှိုးဆွဆွဲဆောင်သော လမ်းမှားသို့မရောက်ရှိအောင် အသိပညာဗဟုသုတရှာဖွေရန်အတွက် မြို့နယ်ပြည်သူ့စာကြည့်တိုက်သို့ စာအုပ်စာစောင်များ လာရောက်ငှားရမ်းဖတ်ရှုနိုင်သကဲ့သို့ မြို့ပေါ်ရပ်ကွက်ရှိ အခြေခံပညာရေးကျောင်းများသို့ ရွေ့လျားစာကြည့်တိုက်ကားဖြင့် လာရောက်ရာတွင် စာအုပ်စာစောင်များ ငှားရမ်းဖတ်ရှုနိုင်ပါကြောင်း ဟောပြောဆွေးနွေးခဲ့သည်။

အသိပညာဗဟုသုတတိုးပွားရေးအတွက် စာများများ ဖတ်ရှုလေ့လာရမှာဖြစ်ကြောင်း၊ စာပေလေ့လာမှသာ မိမိ၏ကျောင်းစာကို အထောက်အပံ့ဖြစ်စေသကဲ့သို့ မိမိဘဝ တိုးတက်ရေးအတွက်လည်း ကောင်းမွန်သောစိတ်ဓာတ်၊ ခံယူချက်များ ရရှိမှာဖြစ်ပါကြောင်း၊ အသိပညာတိုးပွားရန် အသိကြွယ်အမြင်ကျယ်ရေးအတွက် အကျိုးရှိသောစာများကို ဖတ်ရှုကြရမှာဖြစ်ကြောင်း ဟောပြောဆွေးနွေးသည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော အသိပညာပေးနံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်စာစောင်များကို ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

လှဝင်း