ကျွန်းလှ ဇန်နဝါရီ ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စားဖိုဆောင်သီးနှံစုံ စိုက်ပျိုးလျက်ရှိရာ ယခုနှစ်ဆောင်းရာသီစိုက်ပျိုးသော ပန်းမုံလာ(ပန်းဂေါ်ဖီ) ဈေးကောင်းရ၍ စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
“ကျွန်တော်ဆောင်းရာသီမှာ ချောင်းရေတင်ပြီး ပန်းမုံလာ(ပန်းဂေါ်ဖီ)နှစ်စဉ်စိုက်ပျိုးပါတယ်။ ဒီနှစ်အပင် ၂၀၀၀ ကို စောစောစိုက်ပျိုးပြီး သီးနှံပေါ်ချိန်ဈေးကောင်းရရှိပါတယ်။ ယခင်နှစ်က ပန်းမုံလာတစ်ပွင့်ကို ကြီးရင်ငွေကျပ် ၁၀၀၀၊ သေးရင်ငွေကျပ် ၁၂၀၀ ရောင်းခဲ့ရသော်လည်း ဒီနှစ်ကြီးရင် ငွေကျပ် ၂၅၀၀၊ သေးရင်ငွေကျပ် ၂၀၀၀ ရောင်းရတဲ့အတွက် အဆင်ပြေပါတယ်။ ဆက်လက် စိုက်ပျိုးဖို့လည်း စီစဉ်ထားပါတယ်” ဟု ပန်းမုံလာစိုက် တောင်သူတစ်ဦးက ပြောသည်။
အဆိုပါ စားဖိုဆောင်စိုက်ပျိုးသည့် တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဓာတုကင်းလွတ်ပြီး ကျန်းမာရေးနှင့်ညီညွတ်သော သီးနှံများရရှိရေးအတွက် သဘာဝမြေဩဇာ၊ သဘာဝပိုးသတ်ဆေး၊ ပိုးနှင်ဆေးနှင့် အားဆေးပြုလုပ်သုံးစွဲနည်းများ ကွင်းဆင်း အသိပညာပေးလျက်ရှိကြောင်း သိရသည်။
ကျွန်းလှမြို့နယ်တွင် ချောင်းရေနှင့်မြေအောက်ရေတင်ပြီး ဟင်းသီးဟင်းရွက်သီးနှံစုံ ၅၇၇ ဧက စိုက်ပျိုးထားကြောင်း သီးနှံများအောင်မြင်ဖြစ်ထွန်းပြီး ဒေသခံပြည်သူများ အလုပ် အကိုင် အခွင့်လမ်းရရှိနေကြကြောင်း သိရသည်။
မျိုးဝင်းညို