ရှမ်းရွာသစ်မြို့တွင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးထားသော ဆောင်းသီးနှံမြေပဲများအထွက်နှုန်းကျဆင်း

ရှမ်းရွာသစ် ဇန်နဝါရီ ၉

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများတွင် ဒေသနေပြည်သူအများစုသည် တောင်ယာလုပ်ငန်းနှင့် လယ်ယာလုပ်ငန်းနှင့်တွဲဖက်ကာ ဆီထွက်သီးနှံတစ်မျိုးဖြစ်သော မြေပဲနှင့်နှမ်းစိုက်ပျိုးသည့်လုပ်ငန်းကို တစ်ပိုင်တစ်နိုင်လုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ ယခုနှစ်တွင် မိုးများသည်းထန်စွာ ရွာသွန်းသဖြင့် မြေပဲအထွက်နှုန်း ကျဆင်းကာ မျိုးအနေဖြင့်သာရရှိကြောင်း ဒေသနေပြည်သူတစ်ဦးထံမှ သိရသည်။

ရှမ်းရွာသစ်မြို့တွင် ဝဥစိုက်ပျိုးသည့်လုပ်ငန်း၊ တစ်ပိုင်တစ်နိုင်ဥယျာဉ်ခြံမြေစိုက်ပျိုးသည့် လုပ်ငန်းများအပြင် ဆီထွက်သီးနှံများဖြစ်သော မိုးနှောင်းနှမ်းနှင့် မြေပဲတို့ကို အဓိကထားလုပ်ကိုင် စိုက်ပျိုးကြပြီး စိုက်ပျိုးစရိတ်ကုန်ကျမှုနည်းပါးသော မြေပဲသီးနှံကို စိုက်ပျိုးထုတ်လုပ်မှုတိုးတက် မြင့်မားစေရေး၊ ပြည်တွင်းစားသုံးဆီဖူလုံစေရေး၊ စိုက်ပျိုးတောင်သူများ တစ်ဧကအထွက်နှုန်း တိုးတက်ကောင်းမွန်စေရေး၊ မျိုးကောင်း မျိုးသန့်များ စနစ်တကျ စိစစ်ရွေးချယ်စိုက်ပျိုးနိုင်စေရေးနှင့် တောင်သူများဝင်ငွေ တိုးတက်စေရေးတို့အတွက် နှစ်စဉ်စိုက်ပျိုးကြကြောင်း၊ မြေပဲစိုက်ပျိုးရာတွင် အတန်းလိုက်စနစ်ဖြင့် စိုက်ပျိုးကြပြီး အပွင့်မပွင့်မီနှင့် အပွင့်ပွင့်သီးကင်းလိုက်ချိန်တွင် ပိုးသတ်ဆေးများ၊ အားဆေးများပက်ဖျန်းရကြောင်း၊ ကုန်ကျစရိတ်သက်သာပြီး တစ်ပိုင်တစ်နိုင်စိုက်ပျိုးနိုင်သည့်အတွက်ကြောင့် နှစ်စဉ်စိုက်ပျိုးသည့်လုပ်ငန်းကို လုပ်ကိုင်လျက်ရှိကြောင်း၊ ယခုနှစ်တွင် မိုးများရွာသွန်းမှုများပြားသည့်အတွက် မြေပဲအထွက်နှုန်းကျဆင်းကာ မြေပဲဆံများအရွယ်အစား အနည်းငယ်သေးသဖြင့် မိသားစုစားသုံးရန်နှင့် မျိုးအနေဖြင့်သာရရှိကြောင်း အမှတ် (၂)ရပ်ကွက်ရှိ ဒေသနေပြည်သူတစ်ဦးထံမှ သိရသည်။

ရှမ်းရွာသစ်မြို့တွင် မိုးမြေပဲကို ဒေသနေပြည်သူများ နှစ်စဉ်တော်သလင်းလမှစ၍ စတင်စိုက်ပျိုးကြပြီး ဒီဇင်ဘာလတွင် မြေပဲများစတင်ခူးဆွတ်ရိတ်သိမ်းကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့်လည်း တောင်သူများ စိုက်ပျိုးရေးနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများနှင့် နည်းပညာကူညီပံ့ပိုးပေးမှုလုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)