အုတ်တွင်း ဇန်နဝါရီ ၉
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ ကျောင်းသူများအား ကျောင်းစာအပြင် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ အသိပညာဗဟုသုတများ တိုးပွားစေရန်နှင့် ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ ယမန်နေ့ နံနက်(၁၀)နာရီအချိန်က အ.မ.က (မူလွန်) သောင်းတိုင်ကုန်းကျောင်းနှင့် မွန်းလွဲ(၁)နာရီအချိန်က အ.မ.က(မူလွန်)သစ်တောကျောင်းများသို့ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါအသိပညာပေးဆောင်ရွက်ရာတွင် ပြန်ကြားနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မူမူဝင်းက (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြိုအဖြစ် ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံသမိုင်းအကျဥ်းကြောင်းအရာများ၊ စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများနှင့် လူငယ်ရေးရာဆိုင်ရာ အသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်ခင်မာက ကျောင်းသား/ ကျောင်းသူများအား အသိပညာဗဟုသုတများရရှိစေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ကလေးများအား စာဖတ်ဝိုင်းများ ပြုလုပ်ပေးခဲ့ပြီး၊ ကလေးငယ်များအား ကိုယ်ကာယဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်စေပြီး ရုပ်ပုံစာအုပ်၊ စက္ကူပြဇာတ်၊ ဘုတ်ပြားပြဇာတ်များဖြင့် ပုံပြင်ပြောပြခြင်းနှင့် ပြည်ထောင်စုနေ့အထိမ်းအမှတ်အသိပညာပေး နံရံကပ်စာစောင်များ ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခင်ခင်မာ (ပြန်/ဆက်)