မအူပင် ဇန်နဝါရီ ၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်အတွင်းဖွဲ့စည်းထားရှိသည့် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၏ ရှာဖွေကယ်ဆယ်ရေးဆိုင်ရာ လုပ်ငန်းများ စွမ်းဆောင်ရည်တိုးတက်မြင့်မားစေရေးအတွက် ခရိုင်အဆင့် ရှာဖွေကယ်ဆယ်သင်တန်းအမှတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီက ခရိုင်မီးသတ်ဦးစီးမှူးရုံးခန်းမတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူးဦးစိုးမိုးထွန်းမှ မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာပါကအရေးပေါ် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အချိန်မီတုန့်ပြန်ဆောင်ရွက်နိုင်ရန်၊ ရှာဖွေကယ်ဆယ်ရေးဆိုင်ရာလုပ်ငန်းများ စွမ်းဆောင်ရည်တိုးတက်မြင့်မားစေရန် သင်တန်းအားဖွင့်လှစ်ရခြင်းဖြစ်ကြာင်းနှင့် သင်တန်းတွင် ကြိုးချည်နည်းများ၊ ကြိုးကူးနည်းစနစ်များ၊ လူနာသယ်ဆောင်နည်းများ၊ အမှောင်ထုအတွင်းလှုပ်ရှားသွားလာခြင်းနည်းစနစ်များ၊ ရေပြင်အသက်ကယ်နည်းစနစ်များနှင့် Ladder Crain Method ခေတ်မီရှာဖွေကယ်ဆယ်ရေးပစ္စည်းများအသုံးပြု၍ ရှာဖွေကယ်ဆယ်ခြင်းနည်းစနစ်များအား စာတွေ့၊ လက်တွေ့သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းတွင် မအူပင်ခရိုင်အတွင်းရှိ သန္ဓေ/အရန်မီးသတ်တပ်ဖွဲ့ဝင် သင်တန်းသား (၅၀) ဦး တက်ရောက်ကြကြောင်းနှင့် သင်တန်းကာလမှာ ဇန်နဝါရီလ (၆) ရက်နေ့မှ (၃၁)ရက်နေ့အထိဖွင့်လှစ်သင်ကြား လေ့ကျင့်ပေးသွားမည်ဖြစ်ပြီး မအူပင်ခရိုင်အတွင်းရှိ မအူပင်၊ ပန်းတနော်၊ ညောင်တုန်း၊ ဓနုဖြူမြို့နယ်များ၌လည်း သင်တန်းသား (၃၅) ဦးစီဖြင့် ဖွင့်လှစ်သင်ကြားလေ့ကျင့်လျက်ရှိကြောင်း သိရသည်။
အောင်မြင့်မြတ် (ပြန်/ဆက်)