အမာမြို့၊ အ.မ.က (လွန်) ကမ်းနားကွင်းကျောင်း၌ ပညာရည်ချွန်ဆုပေးပွဲနှင့် ဘက်စုံပညာရေးစုံညီပွဲတော် ကျင်းပ

အမာ ဇန်နဝါရီ ၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ဘဝသစ်ကျေးရွာအုပ်စု၊ ကမ်းနားကွင်းကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဘက်စုံပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားကျင်းပရာတွင် ‌အ.မ.က (လွန်) ကမ်းနားကွင်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နုနုယဉ်က အဖွင့်အမှာစကားပြောကြားပြီး၊ အငြိမ်းစားကျောင်းအုပ်ဆရာကြီး စောကနေဒီက ဆုံးမဩဝါဒစကားများ အသီးသီးပြောကြားပြီးနောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ပညာရည်ချွန်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီးချီးမြှင့်ခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများမှ တေးသရုပ်ဖော်အကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ အမာမြို့ အ.ထ.က ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး၊ ကမ်းနားကွင်း အ.မ.က (လွန်) ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ‌ဆရာမများ၊ အငြိမ်းစားကျောင်းအုပ် ဆရာကြီးများ၊ ဘဝသစ်ကျေးရွာအုပ်စုအတွင်းရှိကျေးရွာအချို့မှ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ၊ ကျောင်းသားမိဘများ၊ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြပြီး စည်ကားပျော်ရွှင်စွာဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အမာ (ပြန်/ဆက်)