အုတ်တွင်း ဇန်နဝါရီ ၈
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့ပေါ်ကြက်သွန်ခင်း (၁) ရပ်ကွက်အတွင်းရှိ ဆန်စက်များသို့ သွားရောက်ကွင်းဆင်း စစ်ဆေးခြင်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့စစ်ဆေးရာတွင် လျှပ်စစ်မီးများသုံးစွဲရာ၌ ခံနိုင်ဝန်ထက် ပိုမိုအသုံးမပြုရေး၊ ဟောင်းနွမ်းသောလျှပ်စစ်မီးကြိုးများအား အသစ်လဲလှယ်အသုံးပြုရေး၊ လျှပ်စစ်အသုံးပြုရာတွင် သတိထားရမည့်အချက်များ၊ ဆေးလိပ်သောက်ရာတွင် သတိပြုဆင်ခြင်သင့်သည့်အချက်များ၊ ဖယောင်းတိုင်နှင့် လောင်စာဆီအသုံးပြုရာတွင် သတိပြုသင့်သည့်အချက်များ၊ အမှိုက်မီးရှို့ရာတွင် လိုက်နာရမည့်အချက်များအား ပြည်သူများသိရှိလိုက်နာ ဆောင်ရွက်သွားကြရန်နှင့် မီးသတ်ဆေးဘူးများထားရှိစေရေးနှင့် မီးဘေးအန္တရာယ်ကျရောက်လာပါက မြို့နယ်မီးသတ်ဦးစီးဌာနသို့ အချိန်မီဆက်သွယ် အကြောင်းကြားပေးရန် အသိပညာပေးပြောကြားခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိထံမှ သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)