လိပ်သို ဇန်နဝါရီ ၈
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ၊ ကျောင်းသား/ ကျောင်းသူများ စာဖတ်သည့်အလေ့အကျင့်များ ရရှိစေရန်နှင့် စာပေဝါသနာပါသူအချင်းချင်း ရင်းနှီးစေရန်အတွက် Book Club အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသော “ဘဝပန်းတိုင်” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၁ နာရီက မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး အတွေးအခေါ်အယူအဆများကို နှီးနှောဖလှယ်နိုင်ခြင်း၊ စာဟူသည် အသိပညာဗဟုသုတပေါင်းစုံတို့ ဖူးပွင့်စည်ကားရာ ဥယျာဉ်ကြီးနှင့်တူကြောင်း၊ ဘဝတွင် ပြည့်စုံသူတစ်ယောက် ဖြစ်လာစေရန်မှာ စာဖတ်ခြင်းကသာ ဖန်တီးပေးနိုင်ကြောင်း၊ စာမဖတ်သော သူသည် စာမတတ်သောသူနှင့်တူပြီး စာတတ်သော်လည်း စာမဖတ်သူသည် မျက်စိကန်းနေသူနှင့် တူသဖြင့် အသိပညာဗဟုသုတကြွယ်ဝဖို့ စာများများဖတ်ရှုရန် လိုအပ်ကြောင်းနှင့် စာဖတ်ဝိုင်း ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ စာဖတ်ဝိုင်းပြုလုပ်ရာ Book Club အဖွဲ့ဝင် စောမင်းမင်းဦးက “မျှော်လင့်ချက်” ခေါင်းစဉ်အောက်မှ “လူတိုင်းတွင် ထုတ်ဖော်ပြောသည်ဖြစ်စေ၊ မပြောသည်ဖြစ်စေ မျှော်လင့်ချက်များရှိကြကြောင်း၊ အထူးသဖြင့် လူငယ်များတွင် သစ်လွင်တောက်ပသည့် မျှော်လင့် ချက်များကိုယ်စီ ရှိနေကြကြောင်း၊ လူငယ်များအနေဖြင့် မိမိတို့၏ စိတ်ကူး၊ အိပ်မက်၊ မျှော်လင့်ချက်များကို ရဲရဲတွေး၊ ရဲရဲမျှော်မှန်းပြီး အကြီးကြီးကြံမှသာလျှင် မြင့်မားသောဘဝကို ရရှိနိုင်မှာဖြစ်ကြောင်း” စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ရာ Book Club အဖွဲ့ဝင်များက မိမိတို့၏အတွေးအမြင်၊ အယူ အဆ၊ ခံယူချက်စိတ်ထားများကို အချင်းချင်း အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
စာရေးဆရာ ချစ်နိုင် (စိတ်ပညာ) ရေးသားသော “ဘဝပန်းတိုင်” စာအုပ်အား ဖတ်ရှုခြင်းဖြင့် လူတစ်ဦးချင်းစီက အထက်တန်းကျကျ ထူးချွန်ပေါက်မြောက်အောင်မြင်မှ မိမိတို့၏ လူ့အဖွဲ့အစည်းသည်လည်း တိုးတက်အောင်မြင်မှာဖြစ်ကြောင်း သိရသည်။
ခင်လေးနွယ်