ကန့်ဘလူမြို့နယ်၌ တစ်နိုင်တစ်ပိုင်သီးနှံစိုက်ပျိုးကြသူများ မိသားစုစီးပွားရေးအဆင်ပြေ

ကန့်ဘလူ ဇန်နဝါရီ ၈

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်အတွင်း ဒေသခံတောင်သူများသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းအပြင် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိသည့် မီးဖိုချောင်သုံးစားပင်သီးနှံများ၊ ပန်းများကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးလုပ်ကိုင်လာကြပြီး စိုက်ခင်းများအောင်မြင်ဖြစ်ထွန်းကာ မိသားစုစီးပွားရေးအဆင်ပြေလျက်ရှိကြောင်း စိုက်ပျိုးသူတောင်သူများထံမှ သိရသည်။

ဒီဆောင်းမှာ ကျွန်တော်စိုက်ပျိုးထားတာက ခရမ်း၊ ခရမ်းချဥ်၊ ကိုက်လန်၊ ပန်းမုန်လာ၊ မုန်လာထုပ်၊ မေမြို့ပန်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ကိုစိုက်ပျိုးထားပါတယ်။ကိုက်လန် တစ်စည်းကို ကျပ် ၂၅၀၊ ပန်းမုန်လာတစ်ပွင့်ကို ၁၅၀၀/၂၀၀၀၊ မုန်လာထုပ်က ကျပ်၁၅၀၀၊ မေမြို့ပန်းနှစ်ပင်တစ်စည်းကို ၈၀၀၊ ခရမ်းချဥ်သီးဆိုရင် ပိဿာချိန် ၄၀ လောက်ရတယ်။ တစ်ပိဿာ ကျပ် ၃၀၀၀ ရောင်းရပါတယ်။ ကန့်ဘလူမြို့မစျေးမှာ ကိုယ်တိုင်လည်းရောင်းသလို၊ ဖောက်သည်လည်းပေးပါတယ်။ အခြားသီးနှံ ရုံးပတီ၊ နံနံ၊ ပန်းတိမ်ငိုပန်းတွေလည်း စိုက်ဖို့ရှိပါတယ်။ ကျွန်တော်ကတော့ ဒီစားပင်သီးနှံ၊ ပန်းတွေကို ရာသီအလိုက် အမြဲစိုက်ပျိုးလုပ်ကိုင်နေပြီး ဒါတစ်ဖက်တစ်လမ်းက မိသားစုစီးပွားရေးအတွက်လည်း အထောက်အကူပြုပါတယ် ” ဟု ကန့်ဘလူမြို့ အမှတ် (၂) ရပ်ကွက်မှ တောင်သူဦးဖိုးထွန်းကပြောသည်။

တောင်သူများအနေဖြင့် ပြည်သူများ မဖြစ်မနေဝယ်ယူစားသုံးကြသော သီးနှံများဖြစ်သည့် ပန်းမုန်လာ၊ မုန်လာထုပ်၊ နံနံ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ခရမ်း၊ ခရမ်းချဥ်၊ ကိုက်လန်၊ ဆလပ်၊ ငရုတ်၊ ဘုရားပန်းအိုး၊ အလှပန်းအိုးများထိုးရန်၊ မေမြို့ပန်း၊ ဂမ္ဓာပန်း၊ ပန်းတိမ်ငိုပန်းများကို တစ်ဖက်တစ်လမ်းမှ မိသားစုဝင်ငွေရရှိရေးအတွက် တစ်နိုင်တစ်ပိုင် စိုက်ပျိုးလုပ်ကိုင်လာကြသည်။

ကန့်ဘလူမြို့နယ်ရှိ ဒေသခံတောင်သူများသည် စိုက်ပျိုးရေးအဆင်ပြေမှုကြောင့် စိုက်ပျိုးရေးလုပ်ငန်းကို တစ်နှစ်ပတ်လုံးစီးပွားဖြစ်အားထားလုပ်ကိုင်ကြပြီး ဒေသခံအများစုက မိသားစုစားဝတ်နေရေးအတွက် အပိုဝင်ငွေရရှိစေရန် မိမိတို့၏အိမ်ခြံဝင်း မြေကွက်လပ်များနှင့်ဥယျာဥ်ခြံများ၌ မြေအောက်ရေဖြင့် စားဖိုဆောင်သီးနှံမျိုးစုံကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြကြောင်း သိရသည်။

အောင်ဝင်းငြိမ်း (ကန့်ဘလူ)