ဆင်ပေါင်ဝဲ ဇန်နဝါရီ ၈
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ ချောင်းကောက်ကျေးရွာအတွင်းရှိ အထွေထွေရောဂါဝေဒနာလူနာများအား ရောဂါဝေဒနာခံစားရမှု သက်သာပျောက်ကင်းစေရန်အတွက် မင်းဘူးမြို့ ပြည်သူ့ဆေးရုံအုပ်ကြီးဦးဆောင်သော အထူးကုဆရာဝန်ကြီးများအဖွဲ့က ယနေ့ နံနက်ပိုင်းအချိန်က ချောင်းကောက်ကျေးရွာတိုက်နယ်ဆေးရုံ၌ အခမဲ့ နယ်လှည့်ကွင်းဆင်း ဆေးကုသပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆေးကုသမှုတွင် မင်းဘူးမြို့ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ အေးမြဝင်းဦးဆောင်သော သမားတော်(အထွေထွေ)၊ ခွဲစိတ်အထူးကုဆရာဝန်၊ သားဖွားနှင့် မီးယပ်အထူးကုဆရာဝန်၊ မျက်စိအထူးကုဆရာဝန်၊ အရိုးအကြောရောဂါအထူးကုဆရာဝန်၊ ကလေးအထူးကုဆရာဝန်၊ နား/နှာခေါင်း/လည်ချောင်း/ ဦးခေါင်း အထူးကုဆရာဝန်၊ ဓာတ်မှန်အထူးကုဆရာဝန်အဖွဲ့ အစရှိသည့် အထူးကုဆရာဝန်ကြီးများ၊ သူနာပြုဆရာ၊ ဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများသည် ရောဂါဝေဒနာခံစားနေရသော လူနာများအား သက်ဆိုင်ရာ အထူးကုဆရာဝန်ကြီးများမှ ကြည့်ရှုကာ ရောဂါဝေဒနာများအား ကုသပေးခြင်းလုပ်ငန်းများနှင့်ဆေးဝါးများအား အခမဲ့ထောက်ပံ့ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အခမဲ့ ကွင်းဆင်းဆေးကုပေးနေမှုအား မကွေးတိုင်းဒေသကြီး သင်ကြားရေးဆေးရုံအုပ်ကြီးနှင့် အဖွဲ့ဝင်များ၊ အောင်လံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်လွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးကာ ဆေးလာရောက်ကုသသည့် လူနာများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမွန်စိုးရီက ပြည်သူ့ဆေးရုံတွင် လူနာများအား ဆေးကုသပေးနေမှုအခြေအနေများ၊ ဆေးဝါးများ အခမဲ့ထောက်ပံ့ပေးနေမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းခဲ့ကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)