ပွင့်ဖြူမြို့နယ်အတွင်းရှိ အထပ်မြင့်အဆောက်အအုံများ မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

ပွင့်ဖြူ ဇန်နဝါရီ ၈

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရဲလင်းနောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့က မြို့နယ်အတွင်းရှိ အထပ်မြင့်အဆောက်အအုံများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး လိုက်လံစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့မပေါ်ရပ်ကွက်များရှိ အထပ်မြင့်အဆောက်အအုံများအား သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် ပွင့်ဖြူမြို့နယ် မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲလင်းနောင်ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့က ပွင့်ဖြူမြို့ပေါ်ရပ်ကွက် (၄) ရပ်ကွက်ရှိ (၃) ထပ်နှင့်အထက် အထပ်မြင့်အဆောက်အအုံများသို့ သွားရောက်၍ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ပွင့်လင်းရာသီကာလသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးလုံခြုံရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရမည့် အရေးပေါ်မီးငြှိမ်းသတ်ရေးပစ္စည်းများ စီစဉ်ဆောင်ရွက်ထားရှိရေး ၊ လျှပ်စစ်မီးများ အသုံးပြုရာတွင် မီးဘေးအန္တရာယ်ကင်းဝေးစေရန် အခါအားလျော်စွာ လျှပ်စစ်ဝါယာကြိုးများ ကောင်းမွန်မှု ရှိ/မရှိ စစ်ဆေးအသုံးပြုရေး ၊ အဆောက်အအုံပတ်ဝန်းကျင် သန့်ရှင်းရေး အလေးထားဆောင်ရွက်ရေး၊ မီးလောင်စေနိုင်သော လောင်စာများ သိုလှောင်ထားမှု မရှိရေးနှင့် ရေလှောင်ကန်များတွင် ရေများ ဖြည့်တင်းထားရှိရေး စသည့် မီးဘေး လုံခြုံရေးဆိုင်ရာ သိကောင်းစရာများကို အသိပညာပေး ဆွေးနွေးပြောကြားသည်။

ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက အထပ်မြင့်အဆောက်အအုံများအတွင်း တပ်ဆင်အသုံးပြုလျက်ရှိသော လျှပ်စစ်မိန်းခုံများနှင့် ဝါယာကြိုးများ မီးဘေးအန္တရာယ်စိတ်ချရမှု ရှိ/ မရှိ ၊ ပတ်ဝန်းကျင် သန့်ရှင်း သပ်ရပ်မှု ရှိ/မရှိ ၊ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်ထားရှိသော မီးငြှိမ်းသတ်ရေးကိရိယာများ အသင့်အနေထား အသုံးပြု၍ ရ/မရအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး မီးဘေးလုံခြုံရေးအတွက် လိုအပ်ချက်များကို ဆွေးနွေးမှာကြားခဲ့သည်။

ပွင့်ဖြူမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် ပြည်သူများ စိတ်အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် "မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ၊ ရှာဖွေကူညီကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြုဆောင်ရွက်ရေး" ဟူသော ရည်မှန်းချက်တာဝန်ကြီး (၄) ရပ်အား ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရပြီး ယင်းတာဝန်ကြီး (၄) ရပ်တွင် ပါဝင်သည့် ပြည်သူလူထုမီးဘေးလုံခြုံရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အလေးထားလိုက်နာဆောင်ရွက်ရေး အသိပညာပေးနှိုးဆော်ခြင်း၊ တစ်အိမ်တက်ဆင်း ကွင်းဆင်း၍ မီးဘေးလုံခြုံစိတ်ချရမှုရှိ/မရှိ စစ်ဆေးခြင်းများကို အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲလင်းနောင် ထံမှ သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )