ကသာမြို့၌ အိမ်တွင်းမှု မုန့်လုပ်နည်းသင်တန်းဖွင့်လှစ်

ကသာ ဇန်နဝါရီ ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခြေခံသင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိရာ အိမ်တွင်းမှုမုန့်လုပ်နည်းသင်တန်း(အခမဲ့)ကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ခရိုင်ရုံးလူထုအခြေပြုဗဟိုဌာန (Community Centre )ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။

အဆိုပါ မုန့်လုပ်နည်းသင်တန်းကို အမျိုးသမီးလူငယ်လူရွယ်များ အချိန်ကိုအကျိုးရှိရှိ အသုံးချတတ်စေရန် အိမ်တွင်းမှုမုန့်လုပ်နည်းပညာရပ်ကို စနစ်တကျလေ့လာနိုင်စေရန်နှင့် ကျွမ်းကျင်တတ်မြောက်ပါက မိမိတို့လူငယ် များအနေဖြင့် လက်တွေ့နယ်ပယ်တွင် အသက်မွေးဝမ်းကျောင်း စီးပွားရေးလုပ်ငန်း လုပ်ကိုင်နိုင်စေရန်၊  မိမိပတ် ဝန်းကျင်၊ မိသားစုတစ်ပိုင်တစ်နိုင် အပိုဝင်ငွေရရှိနိုင်စေရေးတို့အတွက် ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စောကလျာက ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါသင်တန်းတွင် မုန့်လုပ်နည်းအမျိုးမျိုးကို ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်အေးမော်၊ နည်းပြဒေါ်သီတာထွန်းနှင့် ဝန်ထမ်းများက သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အိမ်တွင်းမှုမုန့်လုပ်နည်းသင်တန်းကို ဇန်နဝါရီလ (၇)ရက်နေ့မှ (၈)ရက်နေ့အထိ နံနက်(၁၀)နာရီမှ (၁၁)နာရီအချိန်အတွင်း ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း၊ အိမ်တွင်းမှုမုန့်လုပ်နည်းသင်တန်းတွင် သင်တန်းသား/သင်တန်းသူ(၂၅)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်းနှင့် သင်တန်းတွင် ဆန်စီးခေါက်ဆွဲ၊ မုန့်ဟင်းခါး၊ အာပူလျှာပူ၊ ရခိုင်မုန့်တီသုပ်ချက်နည်းအမျိုးမျိုးကို လက်တွေ့သင်ပြပေးလျက်ရှိကြောင်း သိရသည်။

 ရဲလင်းထွန်း(ပြန်/ဆက်)