ဘုတ်ပြင်း ဇန်နဝါရီ ၈
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင် အခြေခံပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် ဟောပြောပွဲဆောင်ရွက် ယမန်နေ့နံနက်ပိုင်းက အလယ်မန်ကျေးရွာ အမှတ်(၁)ရပ်ကွက်ရှိ မူလွန်-အလယ်မန်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အသိပညာပေးဟောပြောပွဲတွင် မူလွန်-အလယ်မန်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စီစီဝင်းက အသိပညာပေးဟောပြောပွဲပြုလုပ်ရသည့်ရည်ရွယ်ချက်များကိုပြောကြားသည်။ ယင်းနောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဖြူဖြူသိန်းက ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေး ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ရာ “ကျောင်းသား/သူများအနေဖြင့် ကျောင်းသင်ခန်းစာအပြင် အားလပ်ချိန်တွင် အသိပညာဗဟုသုတရရှိစေမည့် စာအုပ်စာစောင်များ လေ့လာဖတ်ရှုခြင်းဖြင့် ရရှိသည့်အကျိုးကျေးဇူးများကို အသိပညာ ပေးဟောပြောခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ရှိန်မြှင့်တင်ရေးမြို့နယ်အတွင်း အသိပညာပေးလှုပ်ရှား မှုမှတ်တမ်းဓာတ်ပုံများ၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး၊ ပလတ်စတစ်အန္တရာယ်အသိပညာပေးနှင့်လူငယ်ရေးရာအသိပညာပေး နံရံကပ် စာစောင်များ၊ စာအုပ်စာစောင်များ ခင်းကျင်းပြသထားရာ ကျောင်းသားကျောင်းသူများ စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
ယင်းနောက် မွန်းလွဲပိုင်းတွင် အဆိုပါကျေးရွာ အမှတ်(၂)ရပ်ကွက်ရှိ အ.ထ.က-အလယ်မန်ကျောင်း၌ အလားတူ အသိပညာပေးလှုပ်ရှားမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)