ပခုက္ကူ ဇန်နဝါရီ ၈
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ် (၁) မြို့မစည်ပင်သာယာဈေးကြီးနှင့် ဈေးသူဈေးသားများ မီးဘေးအန္တရာယ်ကင်းဝေးစေရေးနှင့် လုံခြုံစိတ်ချမှုရှိစေရေးရည်ရွယ်၍ ယနေ့နံနက်၉နာရီအချိန်က တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးကြသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပခုက္ကူမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မျိုးအောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ဈေးအကျိုးတော်ဆောင်အဖွဲ့ဝင်များနှင့် ဈေးရုံကိုယ်စားလှယ်များ ပူးပေါင်း၍ မြို့မစည်ပင်သာယာဈေးကြီးအတွင်း/အပြင် မီးဘေးအန္တရာယ်လုံခြုံစိတ်ချနိုင်ရေး ဆောင်ရွက်ထားမှု ရှိ/မရှိ၊ မီးသတ်ဆေးဘူးများ၊ အပေါ့စားမီးသတ်စက်နှင့် ပိုက်ခေါင်းများ၊ မီးချိတ်မီးကပ်နှင့် ရေပုံး၊ သဲပုံးများစသည့် မီးဘေးကြိုတင်ကာကွယ်ရေးသုံးပစ္စည်းများ စနစ်တကျတပ်ဆင်ထားရှိမှုရှိ/မရှိ၊ ဈေးဆိုင်ခန်းများအလိုက် လျှပ်စစ်မီးစနစ်တကျရယူသုံးစွဲနေမှုရှိ/မရှိ၊ မီးဘေးအန္တရာယ်နှင့် အရေးပေါ်ကြုံတွေ့လာပါက ရေရယူသုံးစွဲနိုင်ရေးအတွက် ရေတွင်း၊ ရေကန်များ၊ မြေတွင်းအုတ်ရေလှောင်ကန်များ၌ ရေအဆင်သင့်ဖြည့်ထားရှိမှုရှိ/ မရှိ၊ မီးဘေးအန္တရာယ်သတိပေးပိုစတာဆိုင်းဘုတ်များနှင့် အရေးပေါ်ဆက်သွယ်အကြောင်းကြားနိုင်မည့်ဖုန်းနံပါတ်များ ကြေညာကပ်ထားမှုရှိ/ မရှိအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ခြင်း၊ အကြံပြုဆွေးနွေးခြင်းများ ကွင်းဆင်းဆောင်ရွက်ကြသည်။
ပခုက္ကူမြို့၊ အမှတ် (၁) မြို့မစည်ပင်သာယာဈေးကြီးသည် အလျား (၇၉၄) ပေ၊ အနံ (၂၉၇) ပေ ကျယ်ဝန်းရှိသည့် အုတ်နံရံ၊ ကွန်ကရစ်ကြမ်းခင်းနှင့် သွပ်မိုးအဆောက်အဦတစ်ခုဖြစ်ပြီး ဆိုင်ခန်းပေါင်း (၁၂၇၂) ခန်းရှိကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)