ပန်းတောင်း ဇန်နဝါရီ ၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်သင်းသင်းအေးနှင့်ဝန်ထမ်းများက ယနေ့နံနက်(၉:၀၀)အချိန်က အ.မ.ကသစ်ဆိမ့်ပင်ကျောင်းနှင့် အ.မ.က(လွန်) ညောင်ပင်သာကျောင်းသို့ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်ပြပွဲ၊ ဓာတ်ပုံပြပွဲနှင့် အသိပညာပေးဟောပြောပွဲလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်သင်းသင်းအေးက ဗလငါးတန်နှင့်ပြည့်စုံသော လူတော်၊ လူကောင်းများ ပေါ်ထွန်းလာစေရန် ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိစေမည့် စာအုပ်စာပေများကိုလေ့လာဖတ်ရှုမှတ်သားကြရန်၊ တိုးတက်လာသော ခေတ်ရေစီးကြောင်းနှင့်အညီ အင်တာနက်ကို အကျိုးရှိစွာအသုံးချတတ်စေရန်နှင့် အင်တာနက်အသုံးပြုမှု၏ ဆိုးကျိုးအန္တရာယ်များကို အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား ရုပ်ပြပုံပြင်များပြောခြင်း၊ ကိုယ်ကာယလှုပ်ရှားမှု Activity လုပ်ငန်းစဥ်များလိုက်ပါဆောင်ရွက်စေခြင်းများပြုလုပ်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့်၊ စာအုပ်စာစောင်များ၊ ကလေးအလုပ်သမားပပျောက်ရေးနံရံကပ်စာစောင်များကို ကျောင်းသား/သူ များကစိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
လပြည့်လင်း(ပြန်/ဆက်)