ဘိုကလေးမြို့နယ်တွင် ကျွဲ၊ နွားကာကွယ်ဆေးထိုးနှံပြီး ပိုင်ရှင်များအား ရောဂါကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

ဘိုကလေး ဇန်နဝါရီ ၈

ဧရာဝတီတိုင်း‌ဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ကျွန်းသာယာကျေးရွာအုပ်စုသို့ ယနေ့နံနက်(၈)နာရီအချိန်၌ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ကွင်းဆင်း၍ ကျွဲ၊ နွား မွေးမြူထားရှိသော တောင်သူများနှင့်တွေ့ဆုံကာ ကျွဲ၊ နွားများနှင့်ပတ်သတ်သည့် ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာများနှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောခြင်း၊ ကျွဲ၊ နွားများအတွက် အာဟာရဆားတုံးများ ဖြန့်ဝေပေးခြင်း၊ ကျွဲ၊ နွားများအား ကာကွယ်ဆေးထိုးနှံပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။

အသိပညာပေးဟောပြောရာတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဦးစီးမှူး၊ ဒေါက်တာကျော်မိုးဝင်းက ကျွဲ၊ နွားများတွင်ဖြစ်တတ်သော ကူးစက်ရောဂါများအကြောင်း၊ ၎င်းကူးစက်ရောဂါများအား ကာကွယ်ထိန်းချုပ်ခြင်းနည်းလမ်းများအကြောင်းတို့အား အကျယ်တဝင့် ဟောပြောအသိပညာပေးခဲ့ပြီး ဒေသတွင်းရှိ ကျွဲ၊ နွားများအား ရွာစဉ်လှည့်၍ ၎င်းတို့ရှိသည့် နေရာများအရောက် ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)