ကျိုက်လတ်၌ မြို့နယ်အဆင့် ရှာဖွေကယ်ဆယ်ရေး (မွမ်းမံ) သင်တန်းအမှတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲကျင်းပ

ကျိုက်လတ် ဇန်နဝါရီ ၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် မီးသတ်ဦးစီးမှူးရုံးတွင် ဇန်နဝါရီလ ၆ ရက်၊ နေ့လယ်ပိုင်းက မြို့နယ်အဆင့် ရှာဖွေကယ်ဆယ်ရေး (မွမ်းမံ) သင်တန်းအမှတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲကျင်းပခဲ့သည်။

အခမ်းအနားတွင် ခရိုင်မီးသတ်ဦးစီးမှူး ဦးဇော်မင်းဦးက သင်တန်းဖွင့် အမှာစကား ပြောကြားရာတွင် မီးသတ်ဦးစီးဌာနသည် မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေးဆိုသည့် ရည်မှန်းချက်တာဝန်ကြီး (၄) ရပ် ချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ စေတနာ၊ ဝါသနာ၊ အနစ်နာ၊ ဂရုဏာ တို့သာမက အကြင်နာတရားများနှင့် ပြည်သူကိုအလုပ်အကျွေးပြုပြီး မွန်မြတ်သည့် စေတနာ့ဝန်ထမ်းတပ်ဖွဲ့များဖြစ်ကြောင်းနှင့် ယခုသင်တန်းကအသိပညာ၊ အတတ်ပညာများကို ကြိုးကြိုးစားစား လေ့လာသင်ယူကြရန်တို့ကို ထည့်သွင်းပြောကြားခဲ့သည်။ ဆက်လက်၍ ကျိုက်လတ်မြို့နယ် မီးသတ်ဦးစီးမှူး ဒုမီးသတ်ဦးစီးမှူး ဦးအောင်မိုးဦးက သင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကိုလည်း ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ သင်တန်းဖွင့်ပွဲကို ခရိုင်မီးသတ် ဦးစီးမှူးနှင့်အဖွဲ့၊ မြို့နယ်မီးသတ် ဦးစီးဌာန မှ ဝန်ထမ်းများနှင့် မြို့နယ်အဆင့်ရှာဖွေ ကယ်ဆယ်ရေး (မွမ်းမံ) သင်တန်းသားများ အရန်မီးသတ် ခေါင်းဆောင်များ တက်ရောက်ခဲ့ကြပြီး သင်တန်းကို ဇန်နဝါရီလ ၆ ရက်နေ့မှ ဇန်နဝါရီလ ၃၁ ရက်နေ့ထိ စာတွေ့လက်တွေ့သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား (၃၅) ဦး တက်ရောက်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

လှိုင်မင်းအောင်

ကျိုက်လတ် (ပြန်/ဆက်)