ငဖဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ချေး

ငဖဲ ဇန်နဝါရီ ၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်အတွင်းရှိ တောင်သူလယ်သမားများထံ ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ကျောင်းတွင်းရပ်ကွက်မှ တောင်သူ (၄၂) ဦး၏ စပါးနှင့်အခြားသီးနှံစိုက်ဧက (၁၅၃) ဧကအတွက် စိုက်ပျိုးစရိတ် ချေးငွေကျပ် (၁၆၂) သိန်းကို ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

ရှေးဦးစွာ ငဖဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမန်နေဂျာဒေါ်သန်းသန်းဆင့်က တောင်သူများ ဆောင်းသီးနှံ စိုက်ပျိုးစရိတ်အရင်းအနှီးရရှိစေရေးနှင့် သီးနှံများ အချိန်မီစိုက်ပျိုးထုတ်လုပ်နိုင်ပြီး တောင်သူများ လူမှုစီးပွားဘဝအဆင်ပြေစေရန် ရည်ရွယ်၍ ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို နှစ်စဉ်ထုတ်ချေးပေးလျက်ရှိကြောင်း၊ ယခင်နှစ် ဆောင်းသီးနှံချေးငွေ အရင်း၊အတိုးပြေကျေစွာ ပေးဆပ်ပြီး လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ (၇) ရှိသည့် တောင်သူများအား ထုတ်ချေးပေးခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ငဖဲမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ဆောင်းသီးနှံ စိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးပေးနိုင်ရေးအတွက် ကျေးရွာအုပ်စု (၈) အုပ်စုမှ တောင်သူများအား ချေးငွေကျပ်သိန်းပေါင်း (၂၁၀၀) အား ထုတ်ချေးပေးရန် လျာထားပြီး  စပါးသီးနှံ တစ်ဧကလျှင် ငွေကျပ်တစ်သိန်းငါးသောင်းနှုန်းနှင့် အခြားသီးနှံစိုက် တစ်ဧကလျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် ကျောင်းတွင်းရပ်ကွက်မှ တောင်သူ (၄၂) ဦး၏ စပါးစိုက်ဧက (၁၈) ဧက၊ နှမ်း (၄၀) ဧက၊ မြေပဲ (၄၂) ဧကနှင့် ကုလားပဲ (၅၃) ဧက စုစုပေါင်း စိုက်ဧက (၁၅၃) ဧကအတွက် ချေးငွေကျပ် (၁၆၂) သိန်းကို စတင်ထုတ်ချေးပေးခဲ့ပြီး ကျန်ရှိသည့် ကျေးရွာအုပ်စုမှ တောင်သူများအား ဆောင်းသီးနှံစိုက်ပျိုးစရိတ်များကို ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မယု(ငဖဲ)