မြိတ် ဇန်နဝါရီ ၈
တနင်္သာရီတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးသက်နိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန မြိတ်မြို့သားဖွားသင်တန်းကျောင်းတွင် ကျင်းပသည့် သစ်လွင်သားဖွားဆရာမများ ရာထူးတာဝန် ခန့်အပ်လွှာ အပ်နှင်းပွဲတက်ရောက်ခဲ့ကြသည်။
သစ်လွင်သားဖွားဆရာမများ ရာထူးတာဝန်ခန့်အပ်လွှာ အပ်နှင်းပွဲတွင် လူမှုရေးရာဝန်ကြီး ဦးသက်နိုင်က သားဖွားဆရာမများသည် မိမိတို့တာဝန်ကျရာ နေရာဒေသအသီးသီးသို့ သွားရောက်၍ ကျန်းမာရေးစောင့်ရှောက်မှုပေးရမည်ဖြစ်ပြီး အရည်အသွေးရော အရည်အချင်းပါ ပြည့်ဝရုံမျှမက သားဖွားဆရာမများ လိုက်နာရမည့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျင့်ဝတ်များကို လိုက်နာကျင့်ကြံကြရန်နှင့် ပြည်သူ လူထု၏ ကျန်းမာရေးကို ကောင်းစွာ တာဝန်ယူစောင့်ရှောက်နိုင်ရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် လူမှုရေးရာဝန်ကြီး ဦးသက်နိုင်က သစ်လွင်သားဖွားဆရာမများအား ရာထူးတာဝန် ခန့်အပ်လွှာများအပ်နှင်းခဲ့သည်။ ဆက်လက် ၍ မြိတ်သားဖွားသင်တန်းကျောင်းမှ ကျောင်းအုပ်ဒေါ်ယုယုမော်က သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး သင်တန်းသူများ ကိုယ်စား သင်တန်းသူ(၁)ဦးမှ ကျေးဇူးတင်စကားပြောကြား၍ သစ်လွင်သားဖွားဆရာမများမှ သူနာပြုသစ္စာအဓိဌာန် ရွတ်ဆိုခဲ့ကြသည်။
သစ်လွင်သားဖွား ဆရာမများသည် သင်တန်း(၂)နှစ်တာ ကာလအတွင်း သူနာပြု၊ သားဖွားကျင့်ဝတ်၊ အခြေခံသူနာပြုစုမှု၊ သားဖွားပညာ ရပ်၊ မျိုးဆက်ပွား ကျန်းမာရေးစောင့်ရှောက်မှု၊ ကလေးကျန်းမာရေးသူနာပြုစုမှု၊ မြန်မာနိုင်ငံကျန်းမာရေးစောင့်ရှောက်မှုစနစ်၊ အင်္ဂလိပ်စာ၊ ကွန်ပျူတာ၊ သုတေသနမိတ်ဆက် ဘာသာရပ်များကို သင်ကြားခဲ့ကြရပြီး သားဖွားဒီပလိုမာ စာမေးပွဲကိုဖြေဆိုခဲ့ကြကာ အောင်မြင်သည့် သင်တန်းသူများကိုသာ သားဖွားဆရာမ ရာထူးတာဝန်ကို အပ်နှင်းခြင်းဖြစ်ကြောင်း သင်တန်းကျောင်းမှ သိရသည်။
ခိုင်ထူး (ပြန်/ဆက်)